အားကစားသည် လူတစ်ဦးချင်းစီအတွက် ကိုယ်ခန္ဓာအရရော စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာကြံ့ခိုင်စေသကဲ့သို့ နိုင်ငံတစ်နိုင်ငံအနေဖြင့်ဆိုလျှင်လည်း အားကစားအောင်မြင်မှုက နိုင်ငံ၏ဂုဏ်သိက္ခာကို မြင့်မားစေသည်။ နိုင်ငံကိုကိုယ်စားပြုယှဉ်ပြိုင်ရသည့် အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်သူအားကစားသမားနှင့်တကွ ကြည့်ရှုအားပေးသည့် နိုင်ငံသူနိုင်ငံသားအားလုံးတို့တွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေးစရိုက်လက္ခဏာများ နိုးကြားတက်ကြွလာစေသည်ကို မကြာသေးမီကပြီးစီးခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများ၌ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။
“အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ်(Mind Set)ကို ပြုပြင်ပေးခြင်းပင်ဖြစ်သဖြင့် နောင်လာမည့် ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” ဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နှစ်ဒီဇင်ဘာလ ၂၆ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ်မှာကြားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်ကိုပြဋ္ဌာန်းထားပြီး မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ အားကစားကဏ္ဍသည် အဘက်ဘက်မှမြှင့်တင်ပေးရန်လိုအပ်လျက်ရှိပြီး မြန်မာ့အားကစားအဆင့်အတန်းမြင့်မားလာရေးအတွက် အဆင့်လိုက်ရည်မှန်းချက် ပန်းတိုင်များချမှတ်ကာ ရေရှည်အစီအမံများဖြင့်တစိုက်မတ်မတ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ အားကစားနည်းများအလိုက် အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာရေး၊ အရည်အချင်းပြည့်ဝသောနည်းပြများပြုစုပျိုးထောင်ရေး၊ ခေတ်မီနည်းစနစ်များ၊ စက်ကိရိယာများဖြင့် သိပ္ပံနည်းကျလေ့ကျင့်ပေးရေး၊ အုပ်ချုပ်ထောက်ပံ့မှုများ အားကောင်းရေးတို့အတွက် အားကစားကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ပြုလုပ်သွားရန်လိုအပ်မည်ဖြစ်သည်။ ထို့အပြင် အားကစားနည်းများအလိုက် ပြည်တွင်းပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပရေး၊ ပြည်ပပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရေးတို့ကို နိုင်ငံတကာအဆင့်မီအားကစားသမားများ ပေါ်ထွက်လာရေးအတွက်ဟူသော ဦးတည်ချက်ဖြင့်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဘဝအာမခံချက်ခိုင်မာရေး ဆောင်ရွက်ပေးရန်တို့ကိုလည်း ဖြည့်ဆည်းရမည်ဖြစ်သည်။
အားကစားကဏ္ဍအောင်မြင်မှုသည် နိုင်ငံ၏အောင်မြင်မှုနှင့် ထပ်တူပင်ဖြစ်ရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးမှသည် အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ ပြည်တွင်းပြိုင်ပွဲများမှသည်ဒေသတွင်း နိုင်ငံများနှင့် အဆင့်အတန်းမြင့်မားစွာ ယှဉ်ပြိုင်နိုင်ရေး၊ အနာဂတ်ကာလတွင် အာရှအဆင့်၊ ကမ္ဘာ့အဆင့်တို့အထိထိုးဖောက်ရောက်ရှိ အောင်မြင်နိုင်ရေးတို့ကိုရေရှည် ရည်မှန်းချက်ဖြင့် ပန်းတိုင်အဆင့်ဆင့်ချမှတ်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်