Skip to main content

ပြည်ပပို့ကုန် ပဲမျိုးစုံ ဈေးကွက်ချဲ့ထွင်၊ တိုးတက်ထုတ်လုပ်

လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး ဖြစ်သည့်အလျောက် မြန်မာ့ပို့ကုန်အများစုမှာလည်း လယ်ယာထွက်ကုန်များဖြစ်သည်။ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှတစ်ဆင့် ပြည်ပသို့ တင်ပို့ရာတွင် ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်၌ ပါဝင်သည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် လယ်ယာသီးနှံများမှာ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ၊ ဝါ၊ ကြံ တို့ဖြစ်ပြီး တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲမျိုးစုံက ဒုတိယအများဆုံးဖြစ်သည်။ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုသည် လယ်ယာထွက်ကုန်စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံ တစ်ဝန်းလုံး စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် ပဲမျိုးစုံကို စိုက်ပျိုးနေကြခြင်းဖြစ်သည်ဟု ဆိုသည်။ ပဲမျိုးစုံ စိုက်ပျိုးသည်ဟုဆိုရာတွင်လည်း ပြည်ပသို့ အဓိကပို့သော ပဲသုံးမျိုးဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို စုစုပေါင်း ပဲစိုက်ပျိုးဧက၏ သုံးပုံနှစ်ပုံခန့်တွင် စိုက်ပျိုးနေကြခြင်းဖြစ်ပြီး ကျန်ပဲစိုက်ဧကများတွင် ပဲလွမ်း၊ မြေထောက်ပဲ၊ ပဲထောပတ်၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများ စိုက်ပျိုးနေကြခြင်းဖြစ်သည်။

ပြည်ပပို့ကုန် ပဲသုံးမျိုးတွင် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယသို့ အဓိကတင်ပို့ခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်ဟု သိရသည်။ ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာ့ထွက်ကုန်ပဲများကို အဆင့်မြင့်ပြည်ပ ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ သို့ဖြစ်ရာ မိမိတို့၏ ကုန်ပစ္စည်းများ ပြည်ပဈေးကွက်တွင် မျက်နှာပန်း လှရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဈေးကွက်ရရှိနိုင်ရေးတို့အတွက် အရည်အသွေးကောင်းမွန်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အလေးဂရုပြုကြရမည်ဖြစ်သည်။ အဆင့်မြင့်ဈေးကွက်များအနေဖြင့် အစားအစာဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရေးကို အလေးအနက် တောင်းဆိုလေ့ရှိကြသည့်အလျောက် စံချိန်စံညွှန်း မမီသည့် ကုန်ပစ္စည်းများအဖြစ် ဈေးကွက်မှငြင်းပယ်ခြင်းခံရပါက နစ်နာဆုံးရှုံးမှု ကြီးမားမည် ဖြစ်ပြီး ရေရှည်တွင် ဈေးကွက်ကို လက်လွှတ်ရသည့် အခြေအနေသို့ ရောက်ရှိနိုင်သည်။

စိုက်ပျိုးထုတ်လုပ်သည့် အစားအစာများ ဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုမှစတင်ကာ သိုလှောင်မှု၊ သယ်ယူပို့ဆောင်မှု စသည့် ကွင်းဆက်အဆင့်ဆင့်တို့တွင် ကျန်းမာရေးနှင့် ညီညွတ်စေသည့် အလေ့အကျင့်ကောင်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်လိုသည်။ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပဲမျိုးစုံတန်ချိန် နှစ်သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့်ရရှိခဲ့ရာ ပဲမျိုးစုံ တိုးတက် ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပဈေးကွက်များ ချဲ့ထွင်ရေးတို့ကို နိုင်ငံတော်၏အကျိုး၊ စိုက်ပျိုးထုတ်လုပ်မှုမှသည် တင်ပို့ရောင်းချမှုအထိ လုပ်ငန်းကွင်းဆက် တစ်လျှောက်တွင် ပါဝင်လုပ်ကိုင်ကြသူများ၊ ပြည်သူများ၏ အကျိုးအတွက် မဖြစ်မနေအောင်မြင်ရေး ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။