Skip to main content

လူဦးရေစာရင်း ကောက်ယူမှုများတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ အတိအလင်းချမှတ်ပြီး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟူသော ရှေ့လုပ်ငန်းစဉ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်။

သတ်မှတ်ကာလအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရန်မှာမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသည့်အလျောက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် ရပ်ကွက်/ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များက အချိန်နှင့်တစ်ပြေးညီ စာရင်းကောက်ယူလျက်ရှိကြသည်။ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ခြင်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သော မဲမသမာမှုမျိုး နောက်ထပ်မဖြစ်ပွားစေရန်၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြား အငြင်းပွားမှုများထပ်မံမဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်းဖြစ်ရာ ပြည်သူလူထုအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာတွင် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူမှုများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုသည်။

“ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခြင်း၊ မပေးခြင်းသည် လူတစ်ဦးချင်း၏ဆန္ဒဖြစ်ပြီး လူတိုင်းမဲပေးနိုင်အောင် ပြုလုပ်ပေးခြင်းသည် အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ပြောကြားခဲ့သည့်အတိုင်း ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအားပေးမှုကင်းရှင်းစွာဖြင့် တစ်ဦးချင်း၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ဇန်နဝါရီ ၆ ရက်က တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ပြည်သူလူထုအနေဖြင့် မိမိတို့၏လွတ်လပ်သော ဆန္ဒသဘောထားများနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်နိုင်ရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအချိန်နှင့်တစ်ပြေးညီ ကျင်းပနိုင်ရေးပါဝင် ကူညီပေးကြရမည်ဖြစ်သည်။

ယခုအခါ ပြည်တွင်း ပြည်ပမှ အကြမ်းဖက်အဖွဲ့များဖြစ်သော NUG၊ CRPH၊ PDF တို့က မဲစာရင်းမှန်ကန်ရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတို့ဖြစ်ပေါ်လာခြင်းမရှိစေရန် ဟန့်တားခြိမ်းခြောက်နှောင့်ယှက်မှုများကို ပြုလုပ်လျက်ရှိကြသည်။ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏အနှစ်သာရပင်ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ရေးအတွက် အကြမ်းဖက်ခြိမ်းခြောက်နှောင့်ယှက်မှုများကို ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတက်ကြွစွာပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်