မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ကို နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်အဖြစ် အစဉ်တစိုက် အသုံးပြုလာခဲ့သည်။ မျက်မှောက်ကာလ၌ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုလည်း ဆက်လက်ကျင့်သုံးလျက်ရှိသည်။
မြန်မာနိုင်ငံသည် ကမ္ဘာကြီး ငြိမ်းချမ်းသာယာဝပြောရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်က ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ တာဝန်များကို ကျေပွန်စွာထမ်းရွက်လျက်ရှိသည်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက် စသည့်ဒေသတွင်းနိုင်ငံများ၊ အခြားနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များအား နိုင်ငံတကာဥပဒေ၊ ပဋိညာဉ်၊ သဘောတူညီချက်များနှင့်အညီ ဆက်ဆံဆောင်ရွက် လျက်ရှိသည်။
အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် နီးကပ်စွာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ အိမ်နီးချင်းနိုင်ငံများသည် နိုင်ငံအချင်းချင်းဆက်ဆံရေး၌ အဓိကကျပြီး အရေးပါသောနိုင်ငံများဖြစ်၍ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် “ပိုင်နက်နယ်မြေ ကိုအသုံးပြုပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံများအပေါ် ဆန့်ကျင်မည့် မည်သည့်အဖွဲ့အစည်းများကို မျှ လက်ခံသွားမည်မဟုတ်” ဟူသည့် မူဝါဒကို လက်တွေ့ကျင့်သုံးလျက်ရှိသည်။ တည်ငြိမ်အေးချမ်းမှု၊ အတူဖွံ့ဖြိုးတိုးတက်မှုတို့ကို အထူးအလေးထားဆောင်ရွက်လျက်ရှိသည်။
အလားတူ ကမ္ဘာ့နိုင်ငံကြီးများနှင့်လည်း နီးစပ်စွာ ဆက်သွယ်ဆက်ဆံ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စများတွင် နိုင်ငံအားလုံး တန်းတူရည်တူရှိမှုနှင့် မိတ်ဝတ်မပျက် မိတ်ဆွေနိုင်ငံများအဖြစ် ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကိုအကြောင်းပြု၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်လိုသည့် အဖွဲ့အစည်းအချို့နှင့် နိုင်ငံအချို့၏ စွက်ဖက်နှောင့်ယှက်မှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့သော စွက်ဖက်နှောင့်ယှက်မှုများရှိနေစေကာမူ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံက ပြဋ္ဌာန်းထားသော နိုင်ငံခြားရေးမူဝါဒများနှင့် အညီ အခိုင်အမာရပ်တည် သွားကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် မိမိနိုင်ငံ မိမိမူဝါဒများဖြင့် တည့်မတ်မှန်ကန်စွာ ရပ်တည်နေသည်ကို အကြောင်းပြုပြီး အမျိုးမျိုးသော ဝေဖန်မှုများ၊ စွက်ဖက်မှုများနှင့် ဖိအားပေးမှုများပြုလုပ်၍ မြန်မာနိုင်ငံအား နိုင်ငံတကာအလယ်တွင် အထီးကျန်အောင် ပြုလုပ်နေသည်ကို နားလည်စာနာ ပေးသော မိတ်ဆွေနိုင်ငံများလည်းရှိနေသည်။ မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်မှန်နှင့် လက်တွေ့ အခြေအနေများအား သဘောပေါက်နားလည်သိရှိပြီး ဝိုင်းဝန်းကူညီ အကြံပေးခဲ့ကြသည့်၊ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အချို့သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံအများနှင့် လူပုဂ္ဂိုလ်များအား ကျေးဇူးတင်အသိအမှတ်ပြုရမည်ဖြစ် သည်။ ဆက်လက်၍လည်း ရေရှည်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” ခိုင်မာစေရေးကို ကြိုးပမ်းဆောင်ရွက်မှုများအား နိုင်ငံတကာ အနေဖြင့် ပိုမိုနားလည်သဘောပေါက်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ မျက်မှောက်ကာလအထိ ပြာပုံဘဝမှ ဖွံ့ဖြိုးတိုးတက်လာသည်အထိ ဘဏ္ဍာရေး၊ နည်းပညာ၊ အခွင့်အလမ်းများ စသည်ဖြင့် ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးခဲ့ကြသည့် နိုင်ငံများ၊ အဖွဲ့အစည်းများမှာ ကျေးဇူးတင်ထိုက် သူများ ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏အကျိုးကိုလိုလားသည့် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်များကိုမဆို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်နှင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒတို့နှင့်အညီ အပြုသဘောဆောင် အကောင်းမြင်သည့် ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။