Skip to main content

နိုင်ငံနှင့် ပြည်သူတို့အတွက်အန္တရာယ်ကို ဆင်ခြင်တုံတရားဖြင့် သတိထားရှုမြင်

နိုင်ငံရေးကို အခြားနည်းဖြင့်ဖြေရှင်းရာမှ စစ်ပွဲများဖြစ်ပေါ်လာသည်ဟူ၍ အဆိုရှိသည်။ အခြားနည်းဟုဆိုသည်ထက် အကြမ်းနည်းဟုဆိုပါက မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့် ကိုက်ညီဆီလျော်မည်ဖြစ်သည်။ နိုင်ငံ‌ရေးရည်မှန်းချက်များအတွက် လက်နက်စွဲကိုင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း နိုင်ငံလည်းနာ၊ ဒေသလည်းနာ၊ ပြည်သူလည်းနာခဲ့ကြရပြီးဖြစ်သည်။ စင်စစ်လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခဲ့ကြသူများပင်လျှင် နောက်ထပ်၊ နောက်ထပ် မျိုးဆက်များပြောင်းသွားခဲ့ကြပြီဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ခဲ့ကြရသည့် ပြည်သူများသည်လည်း ငြိမ်းချမ်းရေးကို မျှော်လင့်ခြင်းကြီးစွာဖြင့် ပဋိပက္ခကြောင့်ဖြစ်ပေါ်လာသည့် ဘေးဒဏ်များကို ခံစားရင်း၊ တိမ်းရှောင်ပြေးလွှားရင်းနှင့်ပင် နောက်မျိုးဆက်များသို့ ရောက်ရှိလာပြီဖြစ်သည်။ ငြိမ်းချမ်းရေးကိုမလိုလားသူများ၊ ငြိမ်းချမ်းရေးအတွက် စိတ်စေတနာမရှိသူများမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပေါ်နေမှ ၎င်းတို့၏ အကျိုးစီးပွားရရှိဖြစ်ထွန်းနေသူများပင် ဖြစ်တန်ရာသည်။ လက်နက်စွဲကိုင် တိုက်ခိုက်နေကြရသည့် လက်အောက်ငယ်သား လူငယ်များအတွင်း၌ လက်နက်ကို စွန့်လွှတ်ပြီး လက်ပ်တော့ကိုင်လိုသူ၊ ပညာတတ်တစ်ဦးအဖြစ် လူလားမြောက်လိုသူများ များစွာရှိနေကြသည်။

ပဋိပက္ခဖြစ်ပွားရာ ဒေသများအတွင်းရှိ ပြည်သူများ၏ နိစ္စဓူဝဘဝများတွင်လည်း ခက်ခဲစွာရှင်သန်ရပ်တည်နေကြရခြင်းဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာသည်နှင့်အမျှ နေရပ်စွန့်ခွာသူများ၊ တိုက်ပွဲရှောင်သူများအဖြစ်ဖြင့် မိမိတို့၏ အိုးအိမ်၊ လယ်ယာ၊ ကျွဲ နွားတို့ကို ထားရစ်ကာ တစ်ရပ်တစ်ရွာသို့ သွားရောက်ခိုလှုံနေထိုင်ကြရသည်မှာလည်း ၎င်းတို့ဖြစ်လိုသည့် ဘဝမဟုတ်သည်မှာ သေချာသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ တိုက်ပွဲရှောင်ထွက်ပြေးကြရမှုများ နိုင်ငံ၏ မည်သည့်အစိတ်အပိုင်း၊ မည်သည့်ဒေသတွင် ဖြစ်နေသည်ဖြစ်စေ မိမိနိုင်ငံထိခိုက်ဆုံးရှုံးမှု၊ မိမိနိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှုများပင်ဖြစ်ရာ လက်နက်ကိုင်ပဋိပက္ခသံသရာမှ ဖြတ်တောက်ရုန်းထွက်ရန် လိုအပ်နေပြီဖြစ်သည်။

ယခုအခါ မိမိတို့နိုင်ငံနှင့် နိုင်ငံသားတိုင်းရင်းသားပြည်သူလူထုကို ပျက်စီးဆုံးရှုံးစေလိုသည့် ပြည်တွင်း ပြည်ပအကြမ်းဖက်အင်အားစုများက သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေသကဲ့သို့ ပြည်သူလူထုအတွင်း အသိမှား အမြင်မှားဖြစ်ပေါ်စေရန်အတွက်လည်း သွေးဆောင်စည်းရုံးလျက်ရှိသည်။ ထို့အပြင် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိရာ ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက်အန္တရာယ်ကို ဆင်ခြင်တုံတရားဖြင့်သတိထား၍ ရှုမြင်ကာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်