အားကစားသည် ကျန်းမာကြံ့ခိုင်ရွှင်လန်းတက်ကြွစေသော နည်းစနစ်ဖြစ်သည်။ ပညာသည် အသိပညာဗဟုသုတနှင့် ဉာဏ်ပညာများတိုးပွားစေသည်။ အားကစားနှင့်ပညာ ပေါင်းစပ်လိုက်ပါက ကျောင်းနေပျော်ပြီး ပညာတော်သော မျိုးဆက်သစ်လူငယ်များ ဖြစ်စေမည်။ ထို့ကြောင့် နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တွင်ပါရှိသည့် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” အချက်သည် အနာဂတ်နိုင်ငံတော်အတွက် အားသစ်လောင်းပေးရေး ဆောင်ရွက် ချက်ဖြစ်သည်။
မြန်မာနိုင်ငံသည် အားကစားကဏ္ဍသမိုင်းတွင် အဆင့်အတန်းမနိမ့်သောနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ မျိုးဆက်သစ်အားကစားသမား လက်ရွေးစင်များ ပေါ်ထွန်းလာရေးအတွက် ခေတ်အဆက်ဆက်တွင် အားကစားကဏ္ဍအပြင် ပညာရေးကဏ္ဍ၌လည်း အားကစားပြိုင်ပွဲများကျင်းပ၍ မြှင့်တင်ဖော်ဆောင်ပေးခဲ့သည်။ မြို့နယ်အလိုက် အခြေခံပညာကျောင်းများမှတစ်ဆင့် တက္ကသိုလ်အဆင့်အားကစားပြိုင်ပွဲများကို အစဉ်အဆက်ကျင်းပပေးခဲ့သည်။ ရွေးချယ်ယှဉ်ပြိုင်နိုင်ခဲ့သော ကျောင်းသား ကျောင်းသူ အားကစားမောင်မယ်များမှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ အမြောက်အမြား ပေါ်ထွက်လာခဲ့သည်ကို အားကစားသမိုင်းတွင် ဂုဏ်ယူဖွယ်ရာတွေ့ရသည်။
၁၉၈၉ ခုနှစ်မှစတင်၍ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးခဲ့ရာ ယနေ့တိုင်ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားရုံများတွင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကျောင်းသားအဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ ကျောင်းသားအားကစားသမားများ စုစုပေါင်းအင်အား ၁၆၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ အခြေခံပညာ ကျောင်းသားအားကစား ပြိုင်ပွဲအသီးသီးမှ ပေါ်ထွက်လာမည့် လက်ရွေးစင်အားကစားသမားများသည် ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲသို့ ဆက်လက်တက်လှမ်းနိုင်မည်ဖြစ်သည်။
အားကစားဆိုသည်မှာ အနိုင်အရှုံးရရှိမှုသည် အဓိကမဟုတ်ဘဲ ယှဉ်ပြိုင်နိုင်မှုသည် အဓိကဖြစ်သည်။ ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံး ညီညွတ်မှု၊ စည်းကမ်းဥပဒေကို ရိုသေလေးစားလိုက်နာမှု၊ ယဉ်ကျေးမှုစသည်တို့အပြင် နိုင်ငံချစ်စိတ်တို့ကို ရရှိစေသည်။ ပြည်တွင်းအားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော်၏စည်းလုံးညီညွတ်မှု၊ ဂုဏ်သိက္ခာနှင့် မျိုးချစ်စိတ်တို့ကို တိုးပွားစေသည်။ ပထမအရွယ်တွင် ပညာဆည်းပူးနေသော မျိုးဆက်သစ်များအား ကျန်းမာကြံ့ခိုင်ပြီးရွှင်လန်းတက်ကြွစေသည့် အားကစားမြှင့်တင်ပေးလိုက်ခြင်းအားဖြင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်များထွက်ပေါ်လာနိုင်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကျောင်းသားအားကစားပွဲတော်များ ကျင်းပပေးခြင်းအားဖြင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်သည်။ မြန်မာနိုင်ငံ၌ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျောင်းသားအားကစားပွဲတော်များ ကျင်းပခဲ့ရာတွင် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကိုယ်စားပြုသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အထိမ်းအမှတ်လက္ခဏာများနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ထုတ်ဖော်ဂုဏ်ပြု အားပေးမြှင့်တင်ခဲ့ကြရာ အနိုင်မခံအရှုံးမပေးစိတ်ဆိုသည်ထက် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်လာစေသည်ကို တွေ့ရ သည်။
ဗလငါးတန်တွင် ဉာဏဗလသည်အရေးကြီးသလို ကာယဗလနှင့်ထောက်ကူ ပေးလိုက်ခြင်းဖြင့် ရွှင်လန်းသောစိတ်နှင့် ထက်မြက်သောအသိဉာဏ်များ ဖွံ့ထွား လာကာ ပညာတွင်လည်းကောင်း၊ အားကစားတွင်လည်းကောင်း ထူးချွှန်ထက်မြက်လာမည်ဖြစ်သည်။ ယခုအခါတွင် နိုင်ငံတော်က အားကစားကဏ္ဍကိုမြှင့်တင် အားပေးဆောင်ရွက်နေသည့်အချိန်အခါတွင် ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်လာနိုင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ငယ်ရွယ်နုပျိုသစ်လွင်သည့် ကျောင်းသားလူငယ်လေးများ အားကစားကဏ္ဍအမျိုးမျိုးတွင် ရွှင်လန်းတက်ကြွစွာဖြင့် ပါဝင်ဆင်နွှဲနေကြသည်ကို ပြည်သူလူထု တစ်ရပ်လုံးကလည်း တစ်ခဲနက်အားပေးမြှင့်တင်ပေးကြရမည်ဖြစ်သည်။
အားကစားသည် ပြည်သူလူထုအားလုံးတို့၏ စိတ်ဓာတ်ခွန်အားဖြစ်သည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ အခြေခံပညာကျောင်းသား ကျောင်းသူမျိုးဆက်သစ် လူငယ်လေးများအား ပညာရေးသာမက အားကစားကဏ္ဍတွင်ပါဝင်ဆင်နွှဲကြသည်ကို တစ်ခဲနက်အားပေးမြှင့်တင်ပြီး အားကစားကိုအခြေခံသည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် နိုင်ငံ၏အနာဂတ်ကို အင်ပြည့်အားပြည့် တည်ဆောက်နိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။