Skip to main content

အိမ်သာမှသာလျှင် ဧည့်လာမည်

ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံမြို့နယ် လွိုင်မွေတောင်စခန်းတွင် ချယ်ရီပန်းပွဲတော် (၂၀၂၃)ကို ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ ငါးရက်ကြာ ကျင်းပလျက်ရှိသည်။ ချယ်ရီပန်းများပွင့်သည့် ရာသီတွင်သာ စိတ်နှလုံးကြည်နူးဖွယ်ခံစားရရှိနိုင်သည့် သဘာဝအလှအပများနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသထွက်ကုန်များနှင့် အစားအစာများကိုအခြေခံကာ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်မှုများဖြင့် ကျိုင်းတုံနှင့် လွိုင်မွေသည် ချယ်ရီမြို့တော်၊ ချယ်ရီမြေအဖြစ် ထင်ရှားကျော်ကြားလာမည်ဖြစ်သကဲ့သို့ ချယ်ရီပန်းသည်လည်း လွိုင်မွေ၏ အထိမ်းအမှတ်သင်္ကေတဖြစ်လာမည်ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ အထိမ်းအမှတ်ချယ်ရီပင်များကို ထိန်းသိမ်းပြုစုခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင်ထိန်းသိမ်းခြင်း၊ ရိုးရာယဉ်ကျေးမှုများ မပျောက်မပျက်အောင် ဖော်ထုတ်မြှင့်တင်ခြင်းဖြင့် ရေရှည်တွင် ကမ္ဘာကျော်သည်အထိ အောင်မြင်ထင်ရှားလာမည်ဟု ယုံကြည်မိသည်။

“ဒေသတွင်းရှိ ရှေးဟောင်းအမွေအနှစ်များ၊ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် အဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများအားလုံး သန့်ရှင်းသာယာလှပစေရေး၊ မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် လမ်းများအားလုံးသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အမြင်တင့်တယ်မှုရှိစေရေး ဒေသအလိုက်တာဝန်ရှိသူများနှင့် ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသသို့လာရောက်လည်ပတ်သူများ မျက်စိပသာဒဖြစ်စေရေးအတွက် Green Zone များကိုလည်း ဖန်တီးပေးရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ထားရှိခြင်းအားဖြင့် ဒေသတွင်းသို့ လာရောက်လည်ပတ်သူများ ဝင်ရောက်မှုပိုမိုများပြားလာပြီး ဒေသတွင်းငွေကြေးလည်ပတ်မှုအားကောင်းလာမည်ဖြစ်ကာ ဒေသဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အိမ်သာယာမှသာလျှင် ဧည့်လာမည်ဖြစ်ကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၀ ရက်တွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံအတွင်းရှိ မြို့ရွာဒေသအားလုံးကလည်း ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းအားဖြင့် အကျိုးဖြစ်ထွန်းလာကြမည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် ကွဲပြားခြားနားသည့် ရေ၊ မြေ၊ ရာသီဥတုအနေအထား များပြားစုံလင်ပြီး တိုင်းရင်းသားလူမျိုးစုလည်း ၁၃၀ ကျော်အထိရှိနေရာ အရောင်စုံအသွေးစုံနှင့် ထူးခြားသည့် အလှကိုယ်စီရှိနေကြသည်။ ခရီးစဉ်ဒေသများအဖြစ် မဖော်ထုတ်နိုင်သေးသည့် ထူးခြားသော သဘာဝအလှအပများစွာတို့မှာ ကမ္ဘာလှည့်ခရီးသည် သန်းနှင့်ချီ၍ ဝင်ရောက်နေကြသည့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ အလှအပများထက်များစွာပို၍ ထူးခြားလှပသည်။ သို့ရာတွင် မငြိမ်းချမ်းခြင်း၊ မဖွံ့ဖြိုးခြင်းနှင့် အကြောင်းကြောင်းတို့ကြောင့် အဖိုးတန် သဘာဝအလှအပများစွာတို့မှာ မှေးမှိန်တိမ်မြုပ်ငုပ်လျှိုးနေကြရသည်။

မြို့ရွာဒေသများ သန့်ရှင်းသာယာလှပရေး၊ ဒေသ၏ ထူးခြားသည့် သဘာဝအမှတ်အသားလက္ခဏာများကို အများသိအောင်ဖော်ထုတ်ရေး၊ ရိုးရာယဉ်ကျေးမှုဓလေ့များကို မြှင့်တင်ရေးတို့တွင် လွိုင်မွေဒေသချယ်ရီပန်းပွဲတော်ကို နမူနာယူကာ အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် စိတ်နှလုံးမွေ့လျော်ပျော်ရွှင်ဖွယ် ဒေသများအဖြစ် ပြည်တွင်းပြည်ပခရီးသွားများကို ဖိတ်ခေါ်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်