Skip to main content

ပြာသို-တပို့တွဲ ရိုးရာဓလေ့ကို ထိန်းသိမ်းဆင်နွှဲ

မျက်မှောက်ကာလ၌ အအေးပိုနေသည်မှာ ရာသီဥတုဖောက်ပြန်ခြင်းမဟုတ်ဘဲ မြန်မာတို့၏ ရာသီသဘာဝဆောင်းကာလ၏ အတွေ့အထိကို ပီပြင်ခံစားနေရခြင်းသာဖြစ်သည်။ လွန်ခဲ့သည့်နှစ်များက ရာသီဥတုပြောင်းလဲသည့်ဖြစ်စဉ်များနှင့် တွေ့ကြုံခဲ့ရသော်လည်း ယခုကာလတွင် နွေ၊ မိုး၊ ဆောင်းဥတုသုံးလီကို ပီပြင်စွာကြုံတွေ့ခံစားရသဖြင့် ကောင်းခြင်းလက္ခဏာပင်ဖြစ်သည်။ ဥတုရာသီကောင်းမွန်ခြင်း၊ ဆန်ရေစပါးပေါများခြင်းသည် တိုင်းပြည်သာယာဝပြောသည့် လက္ခဏာဖြစ်၏။

မြန်မာတို့၏ ၁၂ လရာသီတွင် ပြာသို-တပို့တွဲလသည် အချမ်းအေးဆုံးလဖြစ်သည်။ ယခုကာလတွင် မြို့ပြများတွင်ပင် အအေးပိုလျက် ကျေးလက်ဒေသများတွင် ခိုက်ခိုက်တုန်ချမ်းအေးလွန်းသဖြင့် မီးလှုံကြသည်။ မီးဟူသည် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင်ဘေးဖြစ်သည်ကို သတိပြုရမည်။ မီးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်ကြရမည်။ ဥတုဘောဇနကျမ်းတွင် “မီးပူသည် လေသလိပ်ကိုနိုင်၏။ ဝမ်းချုပ်ခြင်း၊ အေးခြင်း၊ ကိုယ်တုန်လှုပ်ခြင်းကိုနိုင်၏။ အစာမကြေခြင်း၊ သလိပ်ထခြင်းကိုငြိမ်းစေနိုင်၏။ သွေး၊ သည်းခြေကိုပျက်စေတတ်၏။ မီးခိုးသည်သလိပ်ကိုပျက်စေတတ်၏။ မျက်စိနှင့်မသင့်၊ ဦးခေါင်းလေးခြင်းကို ပြုတတ်၏။ လေ၊ သည်းခြေကို ပျက်စေတတ်၏”ဟု ဆိုထားသည်။

ပါဠိစာပေတို့တွင် ဆီးနှင်းကျ၍ အလွန်အေးသော ရှစ်ညကိုတွေ့ရသည်။ ယင်းရှစ်ညသည် ယခု တပို့တွဲ- တပေါင်းတို့၏ အကြားကာလဖြစ်သည်။ စပ်ကြားရှစ်ညဟုဆိုသည်။ ဤညများတွင် အလွန်အေးလှသဖြင့် လူတို့အနေဖြင့်သတိပြု၍ မီးလှုံနိုင်သလို ရဟန်းတို့အနေဖြင့်လည်း မီးလှုံနိုင်သော်လည်း သာမန်ညတို့တွင် မီးလှုံခြင်းကိုကား ဘုရားရှင်ကနှစ်သက်တော်မမူပေ။ အကြောင်းကား မီးလှုံခြင်းနှင့်ပတ်သက်၍ ရဟန်းတို့၌ အပြစ်ငါးပါးကိုဟောကြားထားသောကြောင့်ဖြစ်သည်။ တပို့တွဲလတွင် ဆင်သတ္တဝါပင် အစွယ်အေးသည့်ရာသီဖြစ်၍ မြတ်စွာဘုရားကို ရည်မှန်းကာ အမွှေးနံ့သာတို့ဖြင့် မီးဖုံးပြာသာဒ်ပြုလုပ်ပြီး လှူဒါန်းပူဇော်ကြကြောင်း သိရသည်။

မြန်မာတို့သည် တပို့တွဲလ၌ ယာဂုကျိုသောပွဲဆင်နွှဲကြသည်။ ယာဂုဆိုသည်မှာ ပါဠိဝေါဟာရဖြစ်သည်။ ဆန်တစ်ဆ၊ ရေခြောက်ဆထည့်၍ ကျိုသောဆန်ပြုတ်ပင်ဖြစ်သည်။ ဥတုဘောဇနကျမ်း၌ ယာဂုသည် “ဝမ်းမီးကို တောက်စေတတ်၏။ ကြေလွယ်၏။ ရေငတ်ခြင်းကိုနိုင်၏။ ဆီးကိုရွှင်စေတတ်၏။ ပင်ပန်းနွမ်းနယ်ခြင်းကိုနိုင်၏။ အဖျားနာ၊ ဝမ်းနာနှင့်သင့်၏”ဟုဆိုထားသည်။ ရဟန်းတို့နှင့်ပတ်သက်၍မူ “ဆာခြင်းကို ဖျောက်နိုင်၏။ မွတ်ခြင်းကိုပျောက်၏။ လေကိုအောက်သို့သက်စေ၏။ ဆီးအိမ်ကိုသုတ်သင်တတ်၏။ အစာကိုကျက်စေတတ်၏” ဤငါးပါးကို မြတ်စွာဘုရားဟောကြားထားတော်မူသည်။ ထို့ကြောင့် တပို့တွဲလတွင် ရဟန်းတို့နှင့်အလွန်သင့်မြတ်သည့် ယာဂုလှူဒါန်းခြင်းကို ပြုလုပ်ကြသည်။

ယာဂုအလှူတော်သည် ရှေးကာလက မြန်မာတို့၏ ရိုးရာဓလေ့ဖြစ်သည်။ ယုဒသန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ယာဂုကို “ a certain preparation of boiled rice mixed with sundry ingredients, one kind of ထမင်းနယ်၊ တပို့တွဲလပြည့် ယာဂုထိုးပွဲ”ဟု ဖွင့်ဆိုထားသည်။ ဤအဘိဓာန်၏ ဖွင့်ဆိုချက်အရ ယာဂုသည် ယခုအခါ ဤကာလတွင် အနယ်နယ်အရပ်ရပ်၌ ထိုးကြသော ထမနဲနှင့်နီးစပ်နေသည်။ ယာဂု(ဆန်ပြုတ်)ဖြစ်စေ၊ ထမနဲဖြစ်စေ ယခုရာသီကာလအတွက် အလွန်သင့်မြတ်သည့် မြန်မာ့ရိုးရာအစားအစာဖြစ်သည်။ တပို့တွဲလ ထမနဲထိုးပွဲများကို မြန်မာ့ရိုးရာအစဉ်အလာဖြင့် ပျော်ရွှင်စွာဆင်နွှဲကြပြီး ဝေငှလှူဒါန်းကြသည်မှာ ကောင်းခြင်းဝေဆာပြည့်စုံစေပါသည်။

ဂန္ထဝင်စာပေတို့၌ ထမနဲကို ယာဂုဟုသာဆိုမိန့်ထားသည်။ ယခုအခါ ထမနဲထိုးကြသည်ဟုခေါ်ဆိုကြ၍ ယာဂုထိုးသည်ဟုမဆိုကြပေ။ ယာဂုကျိုသည်ဟုသာဆိုသည်။ ထမနဲကိုအချို့က နှမ်းမနဲဟုလည်းဆိုကြသည်။ ယာဂု သို့မဟုတ် ထမနဲ တစ်ဒယ်ထိုးရာတွင် ကောက်ညှင်းဆန်၊ ဆီ၊ မြေပဲ၊ နှမ်း၊ အုန်းသီး၊ ဆား၊ ချင်း(ဂျင်း)တို့ကို အချိုးကျထည့်သွင်းကျိုကြသည်။ ထမနဲ၏အကျိုးသွားမှာ ယာဂုအကျိုးသွားနှင့်အတူတူပင်ဖြစ်သည်။ ဤရာသီတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သလို ကျန်းမာရေးနှင့်ညီညွတ်သော ရာသီစာကာလဖြစ်၍ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်