Skip to main content

ထာဝရမိတ်ဆွေကောင်းအဖြစ် အဓွန့်ရှည်ကြာခိုင်မြဲ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့တွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သီးခြားတွေ့ဆုံ၍ တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်ကြမည့်ကိစ္စများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံ၏သမိုင်းကြောင်းနှင့် ပထဝီနိုင်ငံရေးအခြေအနေများအရ လွတ်လပ်ရေးရပြီးသည့်ကာလမှစ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅ ) ချက်ကို နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်အဖြစ် အစဉ်တစိုက် အသုံးပြုလာခဲ့သည်။ မျက်မှောက်ကာလတွင်လည်း လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုဆောင်ရွက်ခဲ့သည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းကျင့်သုံးလျက်ရှိသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံ၍ ရပ်တည်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စများတွင် နိုင်ငံအားလုံးတန်းတူရည်တူရှိမှုနှင့် မိတ်ဝတ်မပျက် မိတ်ဆွေအဖြစ် ဆက်ဆံရေးကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နီးကပ်စွာ ဆက်သွယ်ဆက်ဆံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းငါးနိုင်ငံ၏ ဆက်ဆံရေးသည် နှစ်ပေါင်းရှည်ကြာစွာ ချစ်ကြည်ရင်းနှီးမှုများဖြင့် မိတ်ကောင်းဆွေကောင်း၊ အိမ်နီးချင်းကောင်းများအဖြစ် အစဉ်တစိုက် ဆက်ဆံပေါင်းသင်းနေထိုင်ခဲ့ကြသည်။

နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံတကာဥပဒေများ၊ ပဋိညာဉ်များ၊ သဘောတူညီချက်များနှင့်အညီ ဆက်သွယ်ဆက်ဆံဆောင်ရွက်လျက်ရှိရာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် အချို့အဖွဲ့အစည်းများ၊ အချို့နိုင်ငံများရှိသော်လည်း အိမ်နီးချင်းနိုင်ငံများအနေဖြင့်မူ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာဖြင့် ချစ်ခင်ရင်းနှီးစွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပထဝီနိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများရှိသော်လည်း အိမ်နီးချင်းနိုင်ငံများအနေဖြင့်မူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ချစ်ကြည်ရင်းနှီးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် “နိုင်ငံ၏နယ်နိမိတ်ကိုအသုံးပြုပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံများအပေါ် ဆန့်ကျင်မည့် မည်သည့်အဖွဲ့အစည်းကိုမျှ လက်ခံသွားမည်မဟုတ်”ဆိုသည့် မူဝါဒကို အလေးထားကျင့်သုံး လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံ့တာဝန်ယူထားသည့်ကာလ တစ်လျှောက်တွင် အမျိုးမျိုးသောဖိအားပေးမှုများကြား၌ မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်အမှန်အပေါ် သဘောပေါက်သိရှိပြီး ပူးပေါင်းကူညီဆောင်ရွက်ကြသည့် အဖွဲ့အစည်းများ၊ နိုင်ငံများ၊ လူပုဂ္ဂိုလ်များရှိရာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်း၊ မိတ်ကောင်းဆွေကောင်းအဖြစ် အစဉ်တစိုက် လက်တွဲဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် အိမ်နီး ချင်းနိုင်ငံများဖြစ်သည်နှင့်အညီ ခိုင်မာပြီး ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ရှေးယခင်ကတည်းက အခိုင်အမာစိုက်ထူထားနိုင်ခဲ့သည်။

ယခုအခါ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်၍ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၃ ခုနှစ်မှစ၍ ပြုလုပ်ခဲ့သည်။ ယခုကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှတစ်ဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတိုးတက် အားကောင်းလာစေရန် တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ မြန်မာနိုင်ငံ အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်တို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မပျက်ဘဲ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နိုင်ငံများနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်လျက်ရှိရာတွင် အထူးသဖြင့် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ များနှင့်ဆက်ဆံရေး၌ မိတ်ကောင်းဆွေကောင်း၊ အိမ်နီးချင်းကောင်းများအဖြစ် ဆက်ဆံလျက်ရှိပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအရှိန်တိုးမြှင့်၍ အဓွန့်ရှည်ကြာ ချစ်ကြည်လက်တွဲဆောင်ရွက်လျက် ရှိပါကြောင်း။ ။