Skip to main content

မိတ်ကောင်းဆွေကောင်း နှစ်ပေါင်းရှည်ကြာ

 

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့ပြီးနောက် ရက်သတ္တပတ် အနည်းငယ်မျှအကြာ ယင်းနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်း ဖြစ်ရာ မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည်လည်း စိန်ရတုကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

သမိုင်းကြောင်းကိုပြန်ကြည့်လျှင် ပထဝီအနေအထား ဝေးကွာလှသည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် ရုရှားနှင့် ဆက်ဆံနိုင်ရန် မြန်မာဘုရင်ဘက်မှ ကြိုးပမ်းမှုများ ရှိခဲ့သော် လည်း ထိုစဉ်က ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနေပြီး မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းယူထားပြီးဖြစ်သည့် အင်္ဂလိပ်ကို မကျော်လွန်နိုင်ခဲ့။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့် နောက်တွင်မူကမ္ဘာတွင် ဝဒရေးရာကို အခြေပြုသည့် စစ်အေးတိုက်ပွဲနှင့်အတူ အရှေ့အုပ်စုနိုင်ငံများနှင့် အနောက်အုပ်စုနိုင်ငံများအကြား ယှဉ်ပြိုင်မှုများ ပြင်းထန်နေပြီဖြစ်သည်။ လွတ်လပ်ရေးရပြီးသည့်နောက် ဆိုရှယ်လစ်စနစ်အပေါ် တွင် တိမ်းညွတ်မှုရှိခဲ့သည့် မြန်မာနိုင်ငံနှင့် ထိုစဉ်က ဆိုဗီယက် ဆိုရှယ်လစ်ပြည်ထောင်စု ရုရှားတို့အကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ရာ ရန်ကုန်မြို့၊ ကြို့ကုန်းတွင် စက်မှုတက္ကသိုလ်၊ အင်းလျားလိတ်ဟိုတယ်၊ တောင်ကြီးမြို့တွင် စဝ်စံထွန်းဆေးရုံ၊ ကျောက်ပန်းတောင်းတွင် ကြက်မောက်တောင်ဆည် စသည်တို့မှာ အထင်ကရတည်ရှိနေသည့် သမိုင်းမှတ်တိုင်များပင်ဖြစ်သည်။

၂၁ ရာစုတွင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတို့မှာ ပြီးခဲ့သည့် ရာစုနှစ်နှင့်မတူဘဲ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ၂၀ ရာစု တွင် ကမ္ဘာကြီးသည် ဝင်ရိုးနှစ်ခု အားပြိုင်မှုဖြင့် စစ်အေးတိုက်ပွဲဆင်နွှဲခဲ့ပြီး အဆုံးတွင် တစ်ခုတည်းသော ကမ္ဘာ့ အင်အားကြီးနိုင်ငံအဖြစ် အမေရိကန်နိုင်ငံသာ ကျန်ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ၌ ထွန်းသစ်စနိုင်ငံများလည်း ပေါ်ထွက်လာခဲ့ရာ အာရှနိုင်ငံများလည်း ပါဝင်ခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် စီးပွားရေးတွင် အရှိန်အဟုန်ဖြင့် အောင်မြင်လာခဲ့သလို ဆိုဗီယက်ပြည်ထောင်စုမှ ပြောင်းလဲလာခဲ့သည့် ရုရှားသည်လည်း စစ်ဘက်ဆိုင်ရာ နည်းပညာများတွင် အံ့မခန်းတိုးတက်လာသည်။ မျက်မှောက်ကမ္ဘာသည် ဧကဝင်ရိုးကမ္ဘာဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်ပင် ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိလာပြီး နောက်ထပ်အခင်းအကျင်း သစ်တစ်ခုဆီသို့ ရွေ့လျားနေပြီဖြစ်သည်။

ယင်းသို့သော အခြေအနေတွင် ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့်နေရာတွင် တည်ရှိနေသည့် မြန်မာနိုင်ငံ အနေဖြင့် မိတ်ကောင်းဆွေကောင်းနိုင်ငံများနှင့် ရင်းနှီးချစ်ကြည်သောဆက်ဆံရေးကို တိုးမြှင့်ကာ နှစ်နိုင်ငံ အကျိုးစီးပွားကို ဆောင်ကြဉ်းနိုင်မည့် မဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေးအဖြစ် ထူထောင်သွားရမည်ဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလ ၇ ရက်တွင် ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့စဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် ရုရှားသမ္မတက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သကဲ့သို့ နိုင်ငံတော်အကြီးအကဲကလည်း မြန်မာနိုင်ငံအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

စိန်ရတုကာလသို့ ရောက်ရှိလာပြီဖြစ်သည့် မြန်မာ-ရုရှား ဆက်ဆံရေးသည် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ထူးထူးခြားခြားတိုးမြှင့်ဆောင်ရွက်မှုနှင့်အတူ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း အားဖြည့်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။