ပြီးခဲ့သည့် နှစ်ကုန်ပိုင်းနှစ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် ဆက်စပ်နယ်မြေအတွင်းရှိ ကျေးရွာ ၂၂ ရွာမှ ပြည်သူတို့၏ အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ခံခဲ့ရသည်။ အဆိုပါ ရွာများသည် ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ အင်းတော်မြို့ နယ်များအတွင်းတည်ရှိသည့် ကျေးရွာများဖြစ်ပြီး အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ရည်ရွယ်ချက်ရှိရှိဖြင့် နှစ်လအတွင်း ၂၃ ကြိမ် မီးရှို့ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာများမှ အပြစ်မဲ့ပြည်သူများ၏ အိမ်များမီးရှို့ဖျက်ဆီးခံရခြင်းနှင့်စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြုလုပ်မှုအဖြစ် ပြည်ပအခြေစိုက် အကြမ်းဖက်နောက်လိုက် မီဒီယာများနှင့် နိုင်ငံမတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်သူများ၊ ပြည်ပြေးများက ဆိုရှယ်မီဒီယာများမှတစ်ဆင့် မမှန်မကန်ထုတ်လွှင့် ဝါဒဖြန့်ချိနိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် NUG/ PDF နှင့် KIA ပူးပေါင်းအဖွဲ့တို့က ပုံမှားရိုက်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို မထောက်ခံသည့်ကျေးရွာများ၊ ဆက်ကြေးမပေးသည့် ကျေးရွာများ၊ ၎င်းတို့၏ အန္တရာယ်ကိုကာကွယ်ရန် ပြည်သူ့စစ်ဖွဲ့စည်းထားသည့်ကျေးရွာများကို အဓိကပစ်မှတ်ထားဖျက်ဆီးခြင်းနှင့် မီးရှို့မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်သယောင် လုပ်ကြံအသိပေးခြင်းအားဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာက အထင်အမြင်လွဲမှားစေခြင်းတို့အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ် အကွက်ဆင်ဖန်တီးခဲ့ကြခြင်းလည်းဖြစ်သည်။
NUG / PDF အကြမ်းဖက်အဖွဲ့များ၏ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးပြ စွပ်စွဲသတ်ဖြတ်မှုများအား ကျင့်ဝတ်သိက္ခာကင်းမဲ့စွာဖြင့် ဖုံးကွယ်ဖာထေးထုတ်လွှင့်ပေးကြသည့် ပြည်ဖျက်မီဒီယာများကပင် အထက်ဖော်ပြပါ မီးရှို့မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများအဖြစ် လိမ်ညာထုတ်လွှင့်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်နှင့်တပ်မတော်အပေါ် နာကြည်းစိတ်များဖြစ်ပေါ်လာရေးနှင့် ၎င်းတို့အား ထောက်ခံအားပေးလာစေရေးအတွက်ပင် ဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ ဘေးအန္တရာယ်ကျရောက်လာပါက စောင့်ရှောက်ကူညီရေးတို့အတွက် အဓိကအကျဆုံးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အလျောက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်စံနှုန်းများဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ်အတွင်း တပ်မတော်သားတစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ မတော်တဆမှု၊ မှားယွင်းမှု၊ ကျူးလွန်မှုတို့ရှိခဲ့ပါက စုံစမ်းစစ်ဆေးမှုနှင့် ပြစ်မှုထင်ရှားပါက ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးမှုကို ခံယူကြရသည်။ ယင်းသို့ အရေးယူအပြစ်ပေးခဲ့သည့်ဖြစ်စဉ်များကို အများပြည်သူသိရှိအောင် သတင်းထုတ်ပြန်ပေးခဲ့သည်များလည်း အထင်အရှားရှိသည်။
ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ အင်းတော်မြို့နယ်များအတွင်း NUG/ PDF အကြမ်းဖက်သမားများနှင့် KIA သောင်းကျန်းသူပူးပေါင်းအဖွဲ့တို့၏ ရွာမီးရှို့သည့် ကျူးလွန်မှုများကို မျက်မြင်သက်သေဒေသခံများက ထုတ်ဖော်ပြောကြားခဲ့ကြခြင်းဖြစ်ရာ မုသားကလျင်မြန်ပြီး အဖြစ်မှန်က နောက်ကျသည့်တိုင် အချိန်တန်လျှင် အမှန်ပေါ်ပေါက်မြဲ၊ အမှားနှင့်အမှန်ကို သဲကွဲစွာတွေ့မြင်နိုင်ပြီဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်