Skip to main content

ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ရှေ့သို့လှမ်းချီပန်းတိုင်ဆီသို့ဦးတည်

မြန်မာနိုင်ငံသည် ရှေးပဝေသဏီကာလကတည်းက တိုင်းရင်းသားလူမျိုးစုပေါင်းတစ်ရာကျော် စုစည်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။ ပြည်ထောင်စုကြီးကို စည်းလုံးညီညွတ်မှုအားမာန်များဖြင့် အခိုင်အမာတည်ဆောက်နိုင်ခဲ့သောကြောင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်နေထိုင်နိုင်ခဲ့သည်။ သို့သော် တိုင်းပြည်အင်အားတောင့်တင်းခိုင်မာမှုလျော့နည်းပြီး စည်းလုံးညီညွတ်မှုအားနည်းသော ကာလများတွင် တိုင်းတစ်ပါးက ဝင်ရောက်စွက်ဖက်ကျူးကျော်မှုကြောင့် သူ့ကျွန်ဘဝကျခဲ့ရသည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံများသည် စည်းလုံးညီညွတ်မှုဖြင့် မိမိတို့နိုင်ငံကို မိမိတို့ကာကွယ်စောင့်ရှောက်ကြပြီး ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကမ္ဘာ့အလယ်တွင်တန်းတူ ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်နေကြသည်။ လူမျိုးအဖုံဖုံ၊ နိုင်ငံသားအမျိုးမျိုး အတူယှဉ်တွဲရပ်တည်နေထိုင်ကြရာတွင် စိတ်သဘောထားချင်း၊ ခံယူချက်ချင်း မတူကွဲပြားမှုများရှိကြသော်လည်း နိုင်ငံရေးရာကိစ္စများတွင် လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး စသည့် တစ်တိုင်းပြည်လုံးအရေးတို့တွင်လည်းကောင်း နားလည်မှု၊ စိတ်ရှည်မှု၊ တစုတပေါင်းတည်း လက်တွဲပူးပေါင်းဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်ကြသဖြင့် နိုင်ငံအများစုသည် ဖွံ့ဖြိုးတိုးတက်လာကြသည်။ ပြည်သူပြည်သားများ လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာကြသည်။ အမျိုးသားရေးစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုကြောင့် တိုးတက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ချူတက်လှမ်းနိုင်ခဲ့သည်။ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေးရရှိခဲ့သော်လည်း တိုင်းရင်းသားလူမျိုးအချင်းချင်း၊ ပြည်သူများအချင်းချင်း စည်းလုံးညီညွတ်မှုအားနည်းမှုများကြောင့် မငြိမ်းချမ်းမှုများ၊ ပဋိပက္ခများနှင့် ကြုံတွေ့လာသည်မှာ လွတ်လပ်ရေးသက်တမ်း (၇၅)နှစ်မြောက် စိန်ရတုကာလသို့ပင် ကျော်လွန်ရောက်ရှိလာပြီဖြစ်သည်။ အကျိုးရလဒ်မှာ နိုင်ငံတကာအလယ်တွင် တန်းတူရပ်တည်နိုင်ရေးခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတကာအလယ်တွင် မျက်နှာငယ်ရသည့်ဘဝမျိုး မည်သည့်နိုင်ငံသားမျှ အဖြစ်မခံလိုကြပေ။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံသားတိုင်း၏နှလုံးသားတွင် ပြည်ထောင်စုစိတ်ဓာတ်ကိန်းအောင်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

“တိုင်းရင်းသားအချင်းချင်းရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကိုအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့်တွေ့ကြုံရမည့် အခက်အခဲဟူသမျှကို ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံတော်၏အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်တို့ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ပြီး ရှေ့သို့လှမ်းချီပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့် ဆောင်ပုဒ်ကို လက်တွဲညီညီအကောင်အထည်ဖော်သွားပါမည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် အသိပေးထားသည်။ နိုင်ငံတော်အကြီးအကဲ၏ အသိပေးစကားကို တိုင်းရင်းသားပြည်သူအားလုံး အလေးအနက်ခံယူကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ကမ္ဘာ့အလယ်တွင် နိုင်ငံများနှင့်တန်းတူရပ်တည်နိုင်ရေး၊ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အမျိုးသားရေးရည်မှန်းချက်(၂)ရပ်၊ တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးရည်မှန်းချက်(၂)ရပ်တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးသည့် မိသားစုစိတ်ဓာတ်၊ စည်းလုံးညီညွတ်ခြင်းကိုအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ကြုံတွေ့နေဆဲ၊ ကြုံတွေ့လာရမည့် အခက်အခဲမှန်သမျှတို့ကို အောင်မြင်စွာကျော်လွှားနိုင်မည်ဖြစ်သည်။

စည်းလုံးညီညွတ်သော အင်အားများ၊ နိုးကြားတက်ကြွသော အားမာန်များဖြင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြပါက နိုင်ငံတော်ကချမှတ်အကောင်အထည်ဖော်နေသော နိုင်ငံရေးလမ်းစဉ်များ၊ အမျိုးသားရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည်ဖြစ်၍ ရှေ့သို့လှမ်းချီပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal)သို့ လက်တွဲညီညီ တက်လှမ်းအကောင်အထည်ဖော်သွားကြရမည်ဖြစ်ပါကြောင်း။       ။

ကြေးမုံ,အယ်ဒီတာ့အာဘော်