မျက်မှောက်ကာလ ကမ္ဘာ့မြင်ကွင်းကျယ်ကြီးကိုကြည့်လျှင် ကမ္ဘာလုံးချီသည့် ကူးစက်ရောဂါဘေးကြောင့် နိုင်ငံကြီး နိုင်ငံငယ်မဟူကဏ္ဍ ပေါင်းစုံမှာ ထိခိုက်ခံစားနေကြရသည့် မြင်ကွင်းက အထင်ရှားဆုံး ဖြစ်နေသည်ကို တွေ့မြင်ရမည်။ သို့ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ စားနပ်ရိက္ခာနှင့် သန့်ရှင်းသော သောက်သုံးရေ မလုံလောက်မှု၊ ဆင်းရဲမွဲတေမှု စသည့်ပြဿနာကြီးများကလည်း ကမ္ဘာ့နိုင်ငံများစွာတို့ကို လေးလံစွာ ဖိစီးလျက်ရှိနေသေးသည်။ တစ်ဖက်တွင်လည်း အကြမ်းဖက်ဝါဒနှင့် အုပ်စုဖွဲ့ ဗိုလ်ကျစိုးမိုးလိုသည့် ဝါဒတို့ကို ရင်ဆိုင် နေကြရသည်။
၂၁ ရာစု၏ယင်းသို့သော စိန်ခေါ်မှုများကို နိုင်ငံတိုင်း နိုင်ငံတိုင်းက မဖြစ်မနေ ဖြေရှင်းကြရမည်ဖြစ်စေကာမူ အင်အားချည့်နဲ့ကာ ချွတ်ခြုံကျနေသည့်နိုင်ငံများ၊ ဘက်ပေါင်းစုံတွင် အောင်မြင်မှုမရသည့် နိုင်ငံများ၊ ပြဿနာများနှင့် လုံးထွေးကာ အရေးနိမ့်နေသည့်နိုင်ငံများ ကဲ့သို့သော အခြေအနေမျိုးနှင့်မူရင်ဆိုင်ဖြေရှင်း၍ရမည် မဟုတ်ပေ။ မျက်မှောက်ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်မှာ ပြည်တွင်းစည်းလုံးညီညွတ်မှု၊ စီးပွားရေးနှင့်စစ်ရေးခိုင်မာတောင့်တင်းမှု အင်အားများကို တည်ဆောက်ထားရမည်ဖြစ်သကဲ့သို့ နိုင်ငံတကာ မျက်နှာစာတွင်လည်း မိတ်ဖက်နိုင်ငံများ၊ ဒေသအလိုက် နိုင်ငံအသင်း အပင်းများဖွဲ့စည်းကာ စုပေါင်းရင်ဆိုင်ဖြေရှင်းကြရခြင်းဖြစ်သည်။
မိမိတို့နိုင်ငံအနေဖြင့်မူမျက်မှောက်ကာလတွင် ဆယ်စုနှစ်များစွာ ခေတ်နောက်ကျကျန်နေခဲ့ရသည့် အခြေအနေမျိုးမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေရသလို စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်သို့ဦးတည်၍ တည်ဆောက်အကောင်အထည်ဖော် နေရသည်။ ယင်းသို့တည်ဆောက်အကောင်အထည်ဖော်ရာတွင် အဓိကအကျဆုံး လိုအပ်ချက်မှာ စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ စည်းလုံးညီညွတ်မှု ဟုဆိုရာတွင် မတူကွဲပြားမှုများကို အခြေခံပြီး အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ ကိုယ်ချင်းစာမှုများဖြင့် ငြိမ်းချမ်းညီညွတ်စွာ အတူနေထိုင်ကြခြင်း ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်းက ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့အတွက် ပင်မရေသောက်မြစ်လည်း ဖြစ်သည်။
“မတူကွဲပြားမှုများကို အင်အားဖြစ်အောင် ဆောင်ရွက်မည် ဆိုသည့်သန္နိဋ္ဌာန်နှင့် အင်အားဖြစ်အောင် ဆောင်ရွက်ရမည့်နည်းလမ်းကို ရှာဖွေရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံလို အရွယ်အစားနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံသည့်နိုင်ငံမှာ ရှားပါကြောင်း၊ မိမိတို့အနေဖြင့် မတူကွဲပြားမှုများကို အင်အားဖြစ်အောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ အင်အားဖြစ်အောင်သာမက ညီညွတ်ရေးအတွက် တွန်းအားတစ်ခုဖြစ်အောင် မိမိတို့လုပ်ရမည်ဖြစ်ပါကြောင်း၊ တစ်ယောက်တွင် မရှိသည့်အားများကို နောက်တစ်ယောက်က ဖြည့်ဆည်းပေးမည်ဆိုသည့် ယုံကြည်မှုများ ပေါ်လာအောင် မိမိတို့က ကြိုးစားရမည်ဖြစ်ပါကြောင်း" နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံရာ၌ ထည့်သွင်းပြောကြားခဲ့ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ကို ညွှန်ပြခဲ့ခြင်းပင်ဖြစ်သည်။
အတိတ်သည် ကောင်းကျိုးဆိုးပြစ်တို့ကို သင်ခန်းစာယူရန်ဖြစ်ပြီး ပစ္စုပ္ပန်သည် အနာဂတ်ကိုမျှော်မှန်း၍ အကောင်အထည်ဖော် အလုပ်လုပ်ကြရန်ဖြစ်သည်။ မိမိတို့နိုင်ငံအတွင်းရှိ မတူကွဲပြားမှုများကို အင်အားအဖြစ်စုစည်းကာ ညီညွတ်မှုကိုတည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်လာသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ပါစေကြောင်း။ ။