Skip to main content

နိုင်ငံ့အကျိုးစီးပွားဖျက်ဆီးသည့် အဆိုးမြင်ဝါဒီများဖယ်ရှား

မြန်မာနိုင်ငံတွင် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အလေးထားလုပ်ဆောင်နေသည့်အချိန်အခါတွင် ဖြစ်ပေါ်တိုးတက်မှုများကို မလိုလားမရှုဆိတ်နိုင်သည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများက ပြည်သူများအထင်အမြင် လွဲမှားစေရန် အဆိုးမြင်အယူအဆများ မပြတ်သွတ်သွင်းနေသည်ကို မြင်တွေ့ ကြားသိကြရပေမည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်မှု၊ စစ်မှန်သောဒီမိုကရေစီ ပြန်လည်တည့်မတ်ထွန်းကားရေးဆောင်ရွက်မှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးဆောင်ရွက်မှု၊ သဘာဝဘေးအန္တရာယ်ကျော်လွှားရေး၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်မှုစသည့် နိုင်ငံနှင့်ပြည်သူအကျိုးပြုဆောင်ရွက်မှုတို့အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပျက်စီးရာပျက်စီးကြောင်းဖြစ်စေရန် ပြည်တွင်း၊ ပြည်ပအဖျက်သမားများက အမျိုးမျိုးအဖုံဖုံ ဖျက်လိုဖျက်ဆီးပြုလုပ်နေကြသည်။ ထိုသို့ပြုလုပ်မှုကြောင့် ပညာတတ်သောပြည်သူတို့သည်ပင် အတွေးအခေါ်အယူအဆလွဲမှားပြီး လမ်းမှားပေါ်သို့ ရောက်ရှိသွားသူများရှိပေသည်။ အသိအမြင်ဗဟုသုတနည်းပါးသူများဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ထို့ကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲအဟန့်အတားများကြားမှ ဆောင်ရွက်နေရသည်။

လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော မုန်တိုင်းသင့်ဒေသများအား နိုင်ငံတော်အစိုးရနှင့်အတူ စေတနာရှင်များ၊ အလှူရှင်များ၊ လူမှုအဖွဲ့အစည်းများက အားတက်သရောဖြင့် အစွမ်းကုန်ချက်ချင်း ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေချိန်တွင် လူသားအချင်းချင်း စာနာထောက်ထားသောအားဖြင့် ကရုဏာ၊ မေတ္တာ၊ မုဒိတာပွား သို့မဟုတ် ရိုင်းပင်းကူညီဖေးမရမည့်အစား ရခိုင်ပြည်နယ်တွင် ကူညီထောက်ပံ့မှုများ လိုအပ်နေသည်၊ ကင်းမဲ့နေသည်၊ ဒေသခံပြည်သူများ ဒုက္ခအခက်အခဲများကြုံတွေ့နေရသည်၊ ဘင်္ဂါလီလူမျိုး ၄၀၀ သေဆုံးသည်စသည့် မမှန်ကန်သောသတင်းများကို လူမှုကွန်ရက်များပေါ်တွင် ထုတ်လွှင့်ကာပြည်သူများ အထိတ်တလန့်ဖြစ်အောင်၊ စိုးရိမ်ပူပန်မှုဖြစ်အောင်၊ အထင်အမြင်လွဲမှားပြီး နာကြည်းမုန်းတီးစိတ်များဖြစ်လာအောင် ပြုလုပ်နေကြသည် ကိုတွေ့ရသည်။

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ်တန်းအဆင့်) (၁/၂၀၂၃)မှ သင်တန်းသား သင်တန်းသူများနှင့် နည်းပြအုပ်ချုပ်သူများတွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မောင်တို့မယ်တို့သည် အမိနိုင်ငံတော်ကြီးထဲတွင် မွေးဖွားသူများဖြစ်သည်နှင့်အညီ အမိနိုင်ငံတော်ကြီး၏ သမိုင်းကြောင်းအစဉ်အလာများကို ကောင်းစွာသိရှိနားလည်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံ၏မြန်မာ့သမိုင်းနှင့် တပ်မတော်၏သမိုင်းသည် ဒွန်တွဲလျက်ရှိနေခြင်းကို သိရှိနားလည်ပြီး နိုင်ငံ၏အကျိုးစီးပွားကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏ အဆိုးမြင်အယူအဆများကို မောင်တို့မယ်တို့အနေဖြင့် တွန်းလှန်ဖယ်ရှားနိုင်ကြရန် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေရမည်ဖြစ်ကြောင်း၊ သို့မှလည်း မီဒီယာအပါအဝင် အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ကအားထားရသည့် မျိုးဆက်သစ်မောင်မယ်များ ဖြစ်လာကြမည်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူငယ်လူရွယ်များဟူသည် ဖြူစင်လင်းလက်နေသည့် နှလုံးသားများကိုပိုင်ဆိုင် ထားကြသည်။ သို့သော် လူငယ်လူရွယ်များအား မသမာသူများနှင့် စေတနာမဖြောင့်ဖြူးသူများက အရောင်ဆိုးခဲ့ကြသည်။ ယခုအခါ နိုင်ငံရေးကိုအကြောင်းပြု၍ လူငယ်လူရွယ်များ အတွေးအခေါ်လွဲမှားအောင် ဖန်တီးလုပ်ဆောင်မှုများရှိခဲ့ရာ တန်ဖိုးကြီးမားသည့် လူငယ်လူရွယ်များ၊ ပညာတတ်အရင်းအမြစ်များ အဟောသိကံဖြစ်ခဲ့ရသည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်။ မိမိသားသမီး၊ မိသားစုသဖွယ်စာနာစိတ်မထားဘဲ အခြားလူငယ်လူရွယ်ပြည်သူများအား အထင်အမြင်လွဲမှား လမ်းမှားရောက်အောင် ဖန်တီးလှုံ့ဆော်မှုများမှာ စက်ဆုပ်ဖွယ်ဖြစ်သည်။ ယခု နွေရာသီကျောင်းပိတ်ရက်များတွင် ကိုယ်ပိုင်အချိန်ကို အကျိုးမဲ့အချည်းနှီးမဖြစ် စေဘဲမိမိအတွက်၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် အသိပညာ၊ အတတ်ပညာသင်တန်းများ ဆည်းပူးကြသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများအထူးသဖြင့် အနာဂတ်တွင်အားထားရမည့် လူငယ်လူရွယ်များ အသိအမြင်အတွေးအခေါ် အယူအဆမလွဲမှားဘဲ မှန်ကန်သေ အသိအမြင်ခံယူချက်များ ရှိနေစေရန်အတွက် နိုင်ငံနှင့်ပြည်သူ၏ အကျိုးစီးပွားများ ပျက်စီးရာပျက်စီးကြောင်း တစိုက်မတ်မတ် ဖျက်လိုဖျက်ဆီးပြုလုပ်နေသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများကို တွန်းလှန်ဖယ်ရှားကြရမည်ဖြစ်ပါ ကြောင်း။       ။