Skip to main content

လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်

မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးသည် အဓိကကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများ ပါဝင်လုပ်ကိုင်နေကြသည့် ကဏ္ဍဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့မှာ မြေယာကိုအခြေပြုရသော လုပ်ငန်းများဖြစ်သည့်အလျောက် မြေအသုံးချမှုများနှင့်စပ်လျဉ်း၍ အနာဂတ်အထိပါမျှော်မှန်းကာ စနစ်တကျစီမံခန့်ခွဲကြရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “မိမိတို့နိုင်ငံတွင် လူသန်း ၁၀၀ အတွက် စိုက်ပျိုး‌မြေလုံလောက်စွာရှိရန် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် လယ်ယာမြေများကို အခြားနည်းများဖြင့်သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်” မကြာသေးမီက မှာကြားခဲ့ရာ အနာဂတ်တွင်တိုးပွားလာမည့် လူဦးရေနှင့်အညီ စားရေရိက္ခာဖူလုံစွာထုတ်လုပ်ပေးနိုင်ရန် စိုက်ပျိုးမြေများ အကြောင်းအမျိုးမျိုးဖြင့် လျော့ပါးပျောက်ကွယ်မသွားစေရေးအတွက် ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုသည်။

မြေသယံဇာတများသည် ထပ်မံတိုးပွားလာနိုင်ခြင်းမရှိသော အရင်းအမြစ်များဖြစ်ရာ ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းအတွက်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စသည်ဖြင့် မြေအသုံးချမှုများကို စနစ်တကျစီမံခန့်ခွဲ နိုင်မှသာ အနာဂတ်မျိုးဆက်များထိအောင် ရေရှည်တည်တံ့သော မြေအသုံးချမှုများဖြစ်နိုင်မည်ဖြစ်သည်။ လယ်ယာမြေအပါအဝင် ရာသီသီးနှံ၊ နှစ်ရှည်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံစသည်တို့ စိုက်ပျိုးထုတ်လုပ်နိုင်သော မြေများမှာအကန့်အသတ်ဖြင့်သာ ရှိနေခြင်းဖြစ်သည့်အတွက် အဆိုပါမြေများကိုအခြားနည်းများဖြင့် သုံးစွဲမှုများအပေါ် ဒေသအာဏာပိုင်များက ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်းကမ်းတကျ ကြပ်မတ်ကြရန်လိုသည်။

လက်ရှိကာလတွင် မြို့မြေ၊ ရွာမြေများသာမက လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေများပါမကျန် ဈေးကောင်းကောင်းဖြင့် ရောင်းဝယ်နေကြရာ ယခင်စိုက်ပျိုးမြေများပေါ်တွင် ခြံစည်းရိုးခတ်ခြင်း၊ မြေဖို့ခြင်း၊ အဆောက်အအုံဆောက်ခြင်း၊ အခြားလုပ်ငန်းများလုပ်ကိုင်ခြင်းနှင့်အချို့လည်း စိုက်ပျိုးခြင်းလည်းမလုပ်၊ မည်သည့်လုပ်ငန်းမှလည်း မလုပ်ဘဲထပ်မံခွဲစိတ်ရောင်းချခြင်းတို့ ပြုလုပ်နေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ လျော့နည်းဆုံးရှုံးနေသည်ကို တွေ့မြင်နေရသည်။ လယ်ယာမြေများအပါအဝင် စိုက်ပျိုးမြေများ လျော့နည်းဆုံးရှုံးခြင်းက အနာဂတ်ကာလတွင် စားနပ်ရိက္ခာဖူလုံမှုအပေါ် ခြိမ်းခြောက်လာနိုင်သည့် အန္တရာယ်တစ်ခုဖြစ်သည်ကို ကြိုတင်မျှော်တွေးကြရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇ အရ နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟူ၍လည်းကောင်း၊ နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေး အင်အားစုများကထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန်လိုအပ်သည့် ဥပဒေပြဋ္ဌာန်းရမည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ နိုင်ငံတော်၏မြေအရင်းအမြစ်များနှင့်စပ်လျဉ်း၍ ဥပဒေနှင့်မညီညွတ်သော မြေအသုံးချမှုများကို ထိထိရောက်ရောက် တားဆီးကာကွယ်အရေးယူရန်အပြင် နိုင်ငံတော်၏ အဓိကစီးပွားရေးဖြစ်သောစိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်တိုးတက်လာမည့်လူဦးရေအတွက် စားရေရိက္ခာဖူလုံစေရန် လယ်ယာမြေများလျော့နည်းဆုံးရှုံးမှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် လယ်ယာမြေများကို အခြားနည်းသုံးစွဲမှုများအား ထိထိရောက်ရောက် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်