(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅၂ ပါးတို့အား ချီးကျူးပူဇော်ပွဲ၊ အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို မေလ ၂၃ ရက်နေ့က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့သည်။
(၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် သုတ္တန္တပိဋက ဒီဃနိကာယ်ရေးဖြေအောင် ဒီဃနိကာယကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ်သုံးပါး၊ ဝိနယပိဋက ဝိနည်းတစ်ပုံရေးဖြေအောင် ဝိနယကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ရှစ်ပါး၊ ဝိနယပိဋကဝိနည်း (ပထမပိုင်း)ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ်ခုနစ်ပါး၊ အဘိဓမ္မပိဋက အဘိဓမ္မာ(ပထမပိုင်း) ငါးကျမ်းအာဂုံအောင် မူလအာဘိဓမ္မိကဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ်လေးပါး၊ သုတ္တန္တပိဋက ဒီဃနိကာယ်အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ်ရှစ်ပါး၊ ဝိနယပိဋကဝိနည်း (ဒုတိယပိုင်း) အာဂုံအောင် ဝိနယဓရဘွဲ့ရ သာသနာ့ အာဇာနည်အရှင်မြတ် ၃၇ ပါး၊ ဝိနယပိဋကဝိနည်း (ပထမပိုင်း) အာဂုံအောင် ဥဘတောဝိဘင်္ဂဓရဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈၅ ပါး စုစုပေါင်း ၁၅၂ ပါး အောင်မြင်တော်မူခဲ့သည်။
ယခုကျင်းပပြီးစီးခဲ့သည့် (၇၅) ကြိမ်မြောက် စိန်ရတုတိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲအထိ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် (၇၅)နှစ်တာကာလအတွင်း တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅ ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင် သာသနာ့အာဇာနည် အရှင်သူမြတ်ခုနစ်ပါးပေါ်ထွန်းခဲ့ပြီး သာသနာတော်၏အကျိုးကို သယ်ပိုးထမ်းရွက် ဆောင်ရွက်တော်မူခဲ့သဖြင့် မြန်မာနိုင်ငံသည် သာသနာရောင်ဝါ နေလပမာထွန်းလင်း တောက်ပသည့်ကမ္ဘာပေါ်တွင် တစ်ခုတည်းသောနိုင်ငံအဖြစ် ဂုဏ်ယူဖွယ်တည်ရှိနေသည်။
မြတ်စွာဘုရားရှင်သည် “နတာဝါဟံ ပါပိမ ပရိနိဗ္ဗာယိဿာမိ၊ ယာဝ မေ ဘိက္ခူ န သာဝကာ ဘဝိန္တိဝိယတ္တာဝိနီတာ” အစဖြာလျက် ယုတ်မာစွာလတ် ဟယ်မာရ်နတ်၊ ငါဘုရား၏တပည့်ဖြစ်ကြသော ရဟန်းတို့သည် အထူးထူးသောအရာတို့၌ လိမ္မာမှုမရှိကြသေးသမျှ ဆုံးမအပ်ပြီးသည် မဖြစ်ကြသေးသမျှ၊ ရဲဝံ့ခြင်း မရှိသေးသမျှ၊ ပိဋကတ်သုံးပုံဟူသော ဘုရားဟောစကားတော်ကို များစွာမသင်ကြား မနာကြားအပ်သေးသမျှ၊ ပိဋကတ်သုံးပုံဟူသောတရားတော်ကို မဆောင်နိုင်သေးသမျှ၊ လောကုတ္တရာတရားကိုးပါးအားလျော်သောအကျင့်ကို မကျင့်နိုင်ကြသေးသမျှ၊ ဝိပဿနာဝိသုဒ္ဓိအကျင့်အားလျော်သောတရားများကို မကျင့်နိုင်သေးသမျှ၊ မိမိဆရာ (မြတ်စွာဘုရား)၏ဝါဒကို သင်ကြား၍ မဟောပြမပို့ချမသင်ပြနိုင်သေးသမျှ၊ မဝေဖန်နိုင်ပေါ်လွင်ထင်ရှားအောင် မပြုလုပ်နိုင်သေးသမျှ၊ဖြစ်ပေါ်လာသည့် သူတစ်ပါးတို့အယူဝါဒကို အကြောင်းနှင့်တကွသောစကားဖြင့် နှိမ်နင်းသည် မည်လောက်အောင်နှိမ်နင်း၍ မဟောပြနိုင်သေးသမျှ ငါဘုရားပရိနိဗ္ဗာန်မစံသေး” ဟု သုတ္တန္တပိဋက၊ မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗနသုတ်တော် စာမျက်နှာ (၈၇)တွင် ညွှန်ပြထားသည်။
ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင်ပွင့်တော်မူခဲ့သော မြတ်စွာဘုရားရှင်သည်(၄၅)ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတို့ကို မနေမနားဟောကြားတော်မူခဲ့သည်။ မြတ်စွာ ဘုရားရှင် ဟောကြားတော်မူချက်အရ “ဓမ္မဝိနယ” ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ထင်ရှားစွာရှိသမျှကာလပတ်လုံး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသည်မည်သည်။ သာသနာတော်ဟူသည်မှာ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များပင်ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ကွယ်ပျောက်ပါက မြတ်စွာဘုရားကွယ်ပျောက်ပြီး သာသနာတော်လည်း ကွယ်ပျောက်မည်ဖြစ်သည်။ သာသနာကွယ်ပျောက်ခြင်းသည် လောကဓာတ်ကြီးတစ်ခုလုံး အမှောင်အတိ ဖုံးမည်ဖြစ်သည်။
သို့ဖြစ်၍ မြတ်စွာဘုရား၏ တပည့်သားကောင်း ရဟန်းသံဃာတော်အဆက်ဆက်သည် ဓမ္မဝိနယ ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညစ်နွမ်းမကွယ်ပျောက်ရန် ကြိုးစားစောင့်ရှောက်အားထုတ်တော်မူခဲ့ကြသည်။ သာသနာတော်အတွက် ဆန့်ကျင်ဘက်အန္တရာယ်များ ပေါ်ပေါက်လာသည့်အခါ မြတ်စွာဘုရား၏ တပည့်ရဟန်းသံဃာတော်များသည် ကြောင့်ကြမဲ့မနေကြဘဲ သာသနာတော်သန့်ရှင်းတည်တံ့ထွန်းကားရေးအတွက် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့ကို အာဂုံဆောင်နိုင်အောင်၊ ပြန့်ပွားနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ခေတ်အဆက်ဆက်မင်း၊ အစိုးရများနှင့် ပြည်သူတို့ကလည်း ကြောင့်ကြမဲ့မနေဘဲ သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် အဘက်ဘက်မှ ထောက်ပံ့ကူညီချီးမြှင့်ခဲ့ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်လျက်ရှိသည့် သာသနာ့အာဇာနည်အရှင်သူမြတ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလျက်ရှိသဖြင့် သာသနာတော်ကြီး အရှည်တည်တံ့မြဲမြံနေမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်