Skip to main content

အင်တိုက်အားတိုက်လှူဒါန်း

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်ခံခဲ့ရသောဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လူအင်အား၊ စက်ယန္တရား အင်အားများဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်လာသည့် အခြေအနေများကို မြင်တွေ့ နေကြရသည်။ မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုအများဆုံးမှာ ပြည်နယ်မြို့တော်ဖြစ်သည့်စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့ ဖြစ်ပြီး အဆိုပါမြို့နှစ်မြို့အပါအဝင် ရခိုင်ပြည်နယ်မှမြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ်လေးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာပြီးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

“သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ရာတွင် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်ယူ၍ ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လူအင်အားအများအပြားဖြင့် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့်တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအများအပြားကို သဘာဝဘေးဒဏ်သင့်ဒေသများသို့စေလွှတ်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်ပါဝင်ကူညီဆောင်ရွက်စေလျက်ရှိကြောင်း။” မေ ၂၀ ရက်ကကျင်းပခဲ့သည့် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ကမ်းရိုးတန်းဒေသကိုစတင်ဖြတ်ကျော်ဝင်ရောက်ချိန်မှစ၍ ဖြတ်သန်းတိုက်ခတ်ရာလမ်းကြောင်းတစ်လျှောက် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဆင့်မှသည် ကုန်းတွင်းပိုင်းသို့ အားပျော့ဝင်ရောက်သွား သည်အထိ ပြင်းအားအဆင့်ဆင့်ဖြင့်ဖျက်ဆီးခဲ့ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ လူနေအိမ်တစ်သိန်းရှစ်သောင်းကျော်၊ သာသနိကအဆောက်အအုံ တစ်ထောင့်ခုနစ်ရာကျော်၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၄၀၀ ခန့်၊ ဆေးရုံဆေးခန်း ၂၂၇ ခု၊ သေဆုံးသူ လူဦးရေ ၁၅၀ ခန့်၊ မွေးမြူရေးတိရစ္ဆာန်ကောင်ရေငါးသိန်းကျော်၊ စိုက်ပျိုးသီးနှံဧကခြောက်သောင်းကျော်စသည်ဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မှ မကျန်စေရဟူသောမူနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်ထက်ပိုမိုသာလွန်ကောင်းမွန်သောအခြေအနေသို့ ရောက်ရှိစေရမည်ဟူသောမူတို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ခြင်း၊ သဘာဝဘေးဒဏ်ခံဒေသများ စားရေရိက္ခာ ပြတ်လပ်မှုမရှိစေရေး၊ ဆက်သွယ်မှုပြတ်တောက်မှုမရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုပုံမှန်အတိုင်းဖြစ်စေရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ဦးစားပေးအင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

သဘာဝဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ပမာဏလွန်စွာကြီးမားသည့် အလျောက်စေတနာရှင်၊ အလှူရှင်များ၏ငွေအား၊ ပစ္စည်းအား လှူဒါန်းမှုများကိုလည်း ဖိတ်ခေါ်လက်ခံလျက်ရှိရာ မေလ ၂၀ ရက် နေ့အထိ ငွေကျပ်ဘီလီယံ ၂၀ ကျော်နှင့် ထိုင်းဘတ်ငွေ တစ်သန်း၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ စသည်တို့ကို ပြည်တွင်းအလှူရှင်များ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများက လှူဒါန်းခဲ့ကြသကဲ့သို့ ဆက်လက်၍လည်းလှူဒါန်းမှုများ ပြုလုပ်နေကြသည့်အပြင် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များက ရန်ပုံငွေပဒေသာကပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည်။

မိမိတို့ မြန်မာနိုင်ငံသူ နိုင်ငံသားများမှာစေတနာသဒ္ဓါထက်သန်မှု၊ အလှူဒါနရက်ရောမှုတို့တွင် ကမ္ဘာသိထင်ရှားသူ များဖြစ်ကြသည့်အလျောက် တိုင်းရင်းသားသွေးရင်းသားရင်းတို့၏ သဘာဝဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် အင်တိုက်အားတိုက် ပါဝင်လှူဒါန်းနိုင်ကြစေရေး တိုက်တွန်းဆော်ဩလိုက်ရပါကြောင်း။ ။