နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ယင်းသို့ပြန်လည်ဝင်ရောက်လာသူများအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသလို လက်နက်ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကိုလည်း ပါရှိလာသည့် လက်နက်ခဲယမ်းများအလိုက် ဆုကြေးငွေများ ထောက်ပံ့ပေးလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည့် နိုင်ငံရေးဖြစ်စဉ်များမှတစ်ဆင့် အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်အဖွဲ့အစည်းအုပ်စုများနှင့် အကြမ်းဖက်လုပ်ရပ်များသည် တော်လှန်ရေးဟူသော ခေါင်းစဉ်အောက်တွင် ပေါ်ပေါက်လာခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် အချိန်ကြာမြင့်လာသည်နှင့်အမျှ လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူများကို လက်မရွံ့သတ်ဖြတ်မှုများက ပို၍ပို၍ထင်ရှားလာခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်။” ဟူသော ရှေ့လုပ်ငန်းစဉ်၊ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသော ရှေ့လုပ်ငန်းစဉ်တို့ကို လုပ်ငန်းစဉ်(၅)ရပ်တွင် အတိအလင်းထည့်သွင်းချမှတ်လျက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း “မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း” ပြောကြားထားပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဦးစွာဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကိုလည်း အသိပေးထားသည်။ စင်စစ်အားဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုများနှင့်စပ်လျဉ်း၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်မှုများ၊ ရင်ဆိုင်ဖြေရှင်းမှုများပြုခဲ့လျှင်၊ နိုင်ငံနှင့်ပြည်သူနစ်နာစေမည့် လမ်းကြောင်းကို မရွေးချယ်ခဲ့လျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာမည်မဟုတ်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်လည်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေခြင်းသာဖြစ်သည်။
ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်မှာ ပြည်သူသာဖြစ်သည်။ နိုင်ငံတော်အာဏာသည် ပါတီပိုင်၊ အဖွဲ့အစည်းပိုင်၊ လူပုဂ္ဂိုလ်ပိုင် ပစ္စည်းတစ်ခုမဟုတ်သကဲ့သို့ အုပ်ချုပ်သူနှင့် ပြည်သူများအကြား ပဋိညာဉ်သဖွယ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြရမြဲဖြစ်သည်။ ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲ အစွဲအလမ်းများနှင့် အစွန်းရောက်စိတ်ဓာတ်များသည် ဒီမိုကရေစီ၏ အန္တရာယ်များပင်ဖြစ်ပြီး အကြမ်းဖက်လူသတ်ဝါဒမှာမူ ဒီမိုကရေစီနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်ဖြစ်သည်။ အစွဲအလမ်းကြီးသူများ၊ အစွန်းရောက်ဝါဒီများနှင့် အကြမ်းဖက်သမားတို့အနေဖြင့် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုနိုင်သကဲ့သို့ ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ခွင့်တူညီမျှခြင်းတို့ကိုလည်း မည်သို့မျှဖော်ဆောင်နိုင်မည်မဟုတ်။ ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်လိုသော ပြည်သူများ၊ နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော ပြည်သူများ၊ မိမိတို့၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားမှုကို အလိုရှိသော ပြည်သူများအားလုံးက အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ်တို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချ ကြမည်သာဖြစ်ပါကြောင်း။ ။