Skip to main content

အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းချက်

မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်၌ နှစ်ပေါင်းတစ်ရာကျော် ကျွန်ဘဝရောက်ခဲ့သည်။ သူ့ကျွန်ဘဝတွင် အခြယ်လှယ်ခံ၊ အဖိနှိပ်ခံ၊ သွေးစုပ်ခံဘဝဖြင့် နေခဲ့ရသည်။ သူ့ကျွန်မခံလိုသော မြန်မာတို့သည် နယ်ချဲ့တို့ကို အသက်သွေးချွေး တို့ဖြင့်ရင်းနှီးကာ နည်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြသည်။ တော်လှန်ခဲ့သော သမိုင်းစဉ်တွင် အာဇာနည်ခေါင်းဆောင်များပေါ်ထွန်းခဲ့သည့်အနက် နိုင်ငံအတွက် ဂုဏ်ပြု မှတ်ကျောက်တင်ထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရဂုဏ်ပြုသည့်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အထိမ်းအမှတ် နေ့ထူးနေ့ရက်အဖြစ် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့ဟူ၍ သတ်မှတ်ထားသည်။ ထိုနေ့ရက်လေးရက်သည် မြန်မာ့သမိုင်းတွင် ပျောက်ပျက်မှေးမှိန်မသွားသည့် တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သော နေ့ထူးနေ့ရက်များဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်သက်ဆိုင်သည့် အထင်ကရနေ့ကြီးရက်ကြီးများ ဖြစ်ပေါ်လာရခြင်း အကြောင်းများတွင် အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ် ပေးဆပ်ဆောင်ရွက် မှုများမှာ ယနေ့ထက်တိုင် မမေ့နိုင်စရာဖြစ်သည်။ ကမ္ဘာတည်သရွေ့ မေ့နိုင်မည် မဟုတ်ပြီ။

အနှစ်တစ်ရာကျော်နေခဲ့ရသည့် သူ့ကျွန်ဘဝမှ တစ်တိုင်းပြည်လုံး လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်အောင်၊ ကွဲပြားနေသော တိုင်းရင်းသားလူမျိုးအားလုံးကို တစည်းတလုံးတည်းဖြစ်အောင်၊ လွတ်လပ်သောနိုင်ငံအဖြစ် ထည်ဝါစွာရပ်တည် နေထိုင်နိုင်အောင် ကိုယ်ကျိုးမဖက်၊ အသက်ကိုပဓာနမထား၊ စွန့်လွှတ်စွန့်စား ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များသည် ၎င်းတို့ကြိုးပမ်း အားထုတ်ခဲ့သည့် လွတ်လပ်ရေးပန်းတိုင်သို့ ရောက်လုလုတွင် မသမာသူလူသတ် သမားများ၏လက်ချက်ဖြင့် ကျဆုံးခဲ့ရရှာလေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ နိုင်ငံတော်အပေါ် တာဝန်သိသိ သစ္စာရှိရှိဖြင့် ကိုယ်ကျိုးမဖက် အသက်ကိုပဓာနမထားဘဲ ကြိုးပမ်း အားထုတ်ခဲ့သည့်ကျေးဇူးကြောင့် ယနေ့ထက်တိုင် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်ကာ လွတ်လပ်စွာနေနိုင်ကြပေသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုများကား မြန်မာပြည်သူ ပြည်သားများအဖို့ ကမ္ဘာတည်သရွေ့ မမေ့နိုင်စရာဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့သည် ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် (၇၆)နှစ်တိုင်ရှိပြီဖြစ်သည်။ ယနေ့ထက်တိုင်အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့နိုင်သေးပေ။ နောင်အနှစ်တစ်ရာ၊ အနှစ်တစ်ထောင်တိုင်အောင် မမေ့နိုင်ဘဲ သတိရနေကြမည်ဖြစ်သည်။

မြန်မာပြည်သူပြည်သားအားလုံးတို့သည် ဇူလိုင်လသို့ရောက်လေတိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရကြသည်။ ဝမ်းနည်းကြေကွဲခံစားကြရသည်။ သို့သော် မြန်မာပြည်သူ ပြည်သားများအဖို့ ဤသို့ လွမ်းဆွတ်နေရုံ၊ ခံစားနေရုံဖြင့်မပြီးသေးပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် လူ့ဘောင်လောကကို တည်ဆောက်နိုင်မှသာ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုရာ၊ သစ္စာစောင့်သိရာ၊ ကျေးဇူးဆပ်ရာရောက်မည်ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ကျင့်တရား၊ စံနမူနာယူစရာကြိုးပမ်းအားထုတ်မှုများကို အနာဂတ်မျိုးဆက်သစ်များ ဂုဏ်ယူဖွယ် အတုယူအားကျစိတ်များ မွေးမြူနိုင်အောင် ဖော်ဆောင်ကြရမည်ဖြစ်သည်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ယူသတိရကျေးဇူး တုံ့ပြန်ဆပ်လိုပါလျှင် ဗိုလ်ချုပ်လမ်းညွှန်မှာကြားခဲ့သော လုပ်ငန်းစဉ်များ၊ တိုင်းကျိုး ပြည်ကျိုးလုပ်ငန်းများကို တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပါဝင်အကောင်အထည် ဖော်ကြရမည်ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်စွန့်ကြိုးပမ်း ရယူပေးခဲ့သော လွတ်လပ်ရေးနှင့် နိုင်ငံအဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး သာယာဝပြောသည့်လူ့ဘောင် သစ်တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များဖြစ်သည့် ပြည်သူတို့၏လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိစေရန်၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်ကချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များသည်နိုင်ငံတော်နှင့် ပြည်သူများအကျိုးစီးပွားကို ရှေးရှုထားသည်ဖြစ်၍ ယင်းတို့ကို အောင်မြင်အောင် ဝိုင်းဝန်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရာရောက်မည်ဖြစ်ပါကြောင်း။ ။