နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်သည့်နောက်ပိုင်း အရေးပေါ်သက်တမ်းကာလကို ခြောက်လတိုးပြီးသည့် အချိန်တွင် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ချမှတ်ထားသည့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အဓိကဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်သဖြင့် အရှိန်အဟုန်မြှင့်တင်လိုက်သည်။
နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးကြီးဆုံးအချက်ဖြစ်သည့် “ပြည်သူတို့၏လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်” ဟူသည့်အချက်ကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာတွင် ထိရောက်စွာဆောင်ရွက်နိုင်မှုများရှိသလို လိုအပ်ချက်များရှိနေသေးသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။
အကြမ်းဖက်မှုဖြစ်စဉ်များတွင် နယ်မြေဒေသအနေအထားများအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် အများဆုံးဖြစ်နေသည် ကို တွေ့ရမည်ဖြစ်သည်။ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သက်သက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြသည်။ ယခုနှစ်အတွင်း ဇူလိုင်လ ၁၁ ရက်နေ့အထိ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦး ရှိခဲ့သည်။ ထိရောက် စွာနှိမ်နင်းမှုကြောင့် အကြမ်းဖက်ဖြစ်စဉ်များ အခြားဒေသများတွင် လျော့ကျသွားပြီး တည်ငြိမ်အေးချမ်းမှုရှိနေသော်လည်း အဆိုပါဒေသများတွင် အကြမ်းဖက်ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်ဟူသည့်အချက်ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နေခြင်းဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက ပြည်သူ့လုံခြုံရေးအတွက် ယခုထက် ပိုမိုဆောင်ရွက်ကြရန် ပြောကြားထားသည်။ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်နှင့်လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်မှသာ တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးရရှိနိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ပထမအချက်ကို အောင်မြင်စွာအပြည့်အဝဆောင်ရွက်နိုင်မှသာ တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒဖြစ်သည့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် နောက်ဆုံးအချက်ကို အကောင်အထည်ဖော်နိုင်ပြီး ရည်မှန်းထားသည့်အတိုင်း ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏ရှေ့လုပ်ငန်း စဉ်များအနက် နောက်ဆုံးအချက်သည် “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီလွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟူသည့် အချက်ဖြစ်သည်။
နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် ပထမအချက်ကို ပြည်ထောင်စုတစ်ဝန်းလုံး အပြည့်အဝဆောင်ရွက်နိုင်ပါက တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အပြည့်အဝဆောင်ရွက်သွားနိုင်မည်။ ထို့အပြင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝရရှိအောင်ဆောင်ရွက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရေးသည်လည်း အထူးအရေးကြီးသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ ယနေ့ထက်တိုင်အောင် မချုပ်ငြိမ်းသေးသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုလည်း အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားရန် လိုအပ်ပေသည်။
သို့ဖြစ်ရာ နိုင်ငံတော်အတွက် ပိုမိုကောင်းမွန်သောအနာဂတ်ဖြစ်ပေါ်လာစေရန်နှင့် မျက်မှောက်ကာလ တိုင်းရင်းသားပြည်သူများအားလုံး တည်ငြိမ်အေးချမ်း လုံခြုံစိတ်ချစွာဖြင့် ရပ်တည်နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် ပထမဆုံးအချက်ကို ဦးစားပေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပြီး ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံး အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများအားလုံး၏ မျှော်မှန်းချက်ဆန္ဒများ ပြည့်ဝလာမည်ဖြစ်ပါကြောင်း။ ။