မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအဓိက နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ဝင်ရောက်လုပ်ကိုင်လျက်ရှိသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စိုက်ပျိုးလုပ်သားတစ်ဦးချင်း ထုတ်လုပ်နိုင်စွမ်းအရလည်းကောင်း၊ မြေတစ်ဧကချင်းပေါ်တွင် ထုတ်လုပ်နိုင်စွမ်းအရလည်းကောင်း များစွာနိမ့်ကျလျက်ရှိသည်။ စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားနိမ့်ကျနေခြင်းကြောင့် မြန်မာတောင်သူတို့၏ တစ်ဦးချင်းဝင်ငွေမှာလည်း များစွာနိမ့်ကျ လျက်ရှိသည်။
စိုက်ပျိုးရေးမှရသည့် ဝင်ငွေနည်းပါးမှုသည် နိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသများမှ လူငယ်မျိုးဆက်များကို ဆွဲဆောင်နိုင်စွမ်းမရှိတော့သည့်အလျောက် ပြည်တွင်းရှိမြို့ပြများသို့ သွားရောက်၍ အခြားအလုပ်များလုပ်ကိုင်ကြခြင်း၊ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းတို့ကြောင့် ပြည်တွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်သားအင်အားရှားပါးလာခြင်း၊ လယ်ယာလုပ်သားလုပ်ခများ ကြီးမြင့်လာခြင်းစသည်တို့ ကြုံတွေ့လာရသည်။ ထို့အပြင် ယခုနှစ် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ်ဖြစ်ပေါ်လာမည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းတွက်ချက်ထားကြရာ အဆိုပါရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှု များအနေဖြင့် အပူလှိုင်းကျရောက်ခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် ကြီးမားစွာထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်းနှင့် ဖြစ်လာနိုင်သည့်အခြေအနေများအပေါ် ကြိုတင်ပြင်ဆင်ကြရန် သတိပေးနှိုးဆော်လျက်ရှိသည်။
မိမိတို့နိုင်ငံသည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ဆန်ကိုအဓိကထား စားသုံးသည့်နိုင်ငံလည်းဖြစ်ရာ အယ်နီညိုကြောင့် ဆန်စပါးထုတ်လုပ်မှု ကျဆင်းနိုင်သည့်အခြေအနေများအတွက် ရေငတ်ခံ၊ အထွက်ကောင်း၊ အရည်အသွေးကောင်း စပါး မျိုးများဖော်ထုတ်ခြင်း၊ စိုက်ပျိုးရေအနည်းငယ်သာလိုအပ်ပြီး လုပ်အားနှင့် သွင်းအားစုပါ လျော့နည်းသုံးစွဲနိုင်သည့် စိုက်နည်းစနစ်များချမှတ်အသုံးပြုစေခြင်းဖြင့် တောင်သူများအကျိုးရှိပြီး ဆန်စပါးထုတ်လုပ်မှုလည်း မထိခိုက်စေရန်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စပါးမျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနည်းစနစ်များကို တောင်သူလယ်သမားများအား ပြသလျက်ရှိသည်။ လယ်ယာလုပ်သားရှားပါးပြတ်လပ်မှုကို ဖြေရှင်းနိုင်ပြီး အချိန်မီစိုက်ပျိုးနိုင်မှု၊ မျိုးစပါးအကုန်အကျသက်သာမှုအပြင် လယ်ယာလုပ်ငန်းခွင်၌ ပင်ပန်းတကြီးလုပ်ကိုင်ရမှုတို့ကို သက်သောင့်သက်သာဖြစ်စေသော အကျိုးကျေးဇူးများရရှိနိုင်သည့် ခေတ်မီစက်ကိရိယာများနှင့် ခေတ်မီနည်းလမ်းများကို မဖြစ်မနေသုံးစွဲကြရမည်ဖြစ်သည်၊၊
ကမ္ဘာတစ်ဝန်း ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေများနှင့်အတူ မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှု၊ ဖောက်ပြန်မှုတို့ကို မလွဲမသွေတွေ့ကြုံရမည်ဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကအားထားနေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေများနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းရမည်ဖြစ်သည်။ လယ်ယာကဏ္ဍတွင်ဖြစ်ပေါ်နေသောအခြေအနေများနှင့် ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များ၊ လယ်ယာသုံးကိရိယာများနှင့် စက်ယန္တရားများကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လွယ်လင့်တကူချိန်ခါကိုက်ညီ ရရှိနိုင်သည်နှင့်အမျှ စိုက်ပျိုးထုတ်လုပ်မှုများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်