Skip to main content

သတိတရား လက်ကိုင်ထား၍မှန်မှန်ကန်ကန် သုံးသပ်ဆင်ခြင်

နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို လာမည့်ဇူလိုင်လ (၃၁) ရက်နေ့မှ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်ရာ ပြည်တွင်း၌ဂယက်ရိုက်ခတ်မှုတို့ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်းထုတ်ဝေမည့် ငွေစက္ကူအမျိုးအစားသစ်နှင့် စပ်လျဉ်း၍ အများပြည်သူသိရှိရန်လိုအပ်သည့် သတင်းအချက်အလက်များပြည့်စုံစွာဖြင့် သတင်းထုတ်ပြန်ခဲ့စေကာမူ ပြည်တွင်းပြည်ပမှမသမာသူများနှင့် ဝိသမလောဘသမားများ၏ ခြောက်လုံးလှန့်လုံးများ၊ ကောလာဟလများပါ ရောနှောပျံ့နှံ့လာခဲ့ပြီး ရွှေနှင့်ငွေကြေးဈေးကွက်အပါအဝင် ဈေးကွက်အသီးသီးတို့ကို ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းပြည်ပမှ မသမာသူများဟုဆိုရာတွင် ပြည်ပြေးများ၊ ၎င်းတို့နှင့်ဆက်နွှယ်နေသည့် ဒေါ်လာစားမီဒီယာများ၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို မလိုလားသူများပါဝင်နေပြီး နှစ်သောင်း ကျပ်တန် ငွေစက္ကူသစ်ထုတ်ဝေမည့်သတင်းအပေါ် နိုင်ငံရေးအရကောက်ကျစ်စဉ်းလဲစွာဖြင့် အောက်လုံးထိုးလိုက်ခြင်းဖြစ်သည်။ ဝိသမလောဘသမားများဆိုသည်မှာလည်း တစ်ရက်၊ တစ်မနက်မျှဖြင့် သိန်းပေါင်းထောင်ချီရနိုင်မည့် အလှုပ်အခတ်မျိုးကို ကြံစည်ဖန်တီးနေတတ်ကြသူများဖြစ်ရာ ကောလာဟလများပျံ့နှံ့လာခြင်းသည် ပုံမှန်စီးပွားရေးပုံစံမဟုတ်သော ကုန်ဈေးနှုန်းများ ဆွဲတင်၊ ဆွဲချဈေးကစား၍ စီးပွားရှာသည့်လောဘသားတို့အတွက် စီးပွားကွက်ပင်ဖြစ်သည်။ နှစ်သောင်းကျပ်တန် ငွေစက္ကူသည် ထွက်မလာသေးဘဲ သတင်းသာထွက်လာသည့် နောက်နာရီအနည်းငယ်မျှအတွင်း ဈေးကွက်အသီးသီးတို့တွင် ရုတ်ရုတ်ရက်ရက်ဖြစ်ခဲ့ရာ ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကားစသည့် အမြင့်ပိုင်းများသာမက ပြည်သူအများနေ့စဉ်စားသုံးနေကြရသည့် ဆန်အပါအဝင် အခြားကုန်စည်များအထိ ပါဝင်သည်။

အထိတ်တလန့်ဖြစ်တတ်သူတို့က အပြေးအလွှား ဆန်ဝယ်ဆီဝယ်လုပ်ကြသလို ရွှေဆိုင်များကလည်း ရွှေအဝယ်သာရှိပြီး ယာယီအရောင်းပိတ်ထားကြောင်း၊ အချို့ကုန်ပစ္စည်းများ အရောင်းဆိုင်များတွင်လည်း လတ်တလောအခြေအနေကို စောင့်ကြည့်ကာ ခေတ္တအရောင်းအဝယ် ဆိုင်းငံ့ထားကြောင်းစသည်ဖြင့် သတင်းအချို့ထွက်လာသည်ကို တွေ့ရသည်။ အဆိုပါ ဂယက်ရိုက်ခတ်မှုများ၏ အကြောင်းရင်းခံသည် နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမည်ဆိုသည့် သတင်းအပေါ်တွင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းတော့မည်၊ ငွေကြေးဖောင်းပွလာမည်၊ လက်ရှိအစိုးရလက်ထဲတွင် ငွေမရှိတော့စသည့် ကောလာဟလများ၊ ခြောက်လုံးလှန့်လုံးများကြောင့်ပင်ဖြစ်သည်။

စင်စစ်အားဖြင့် နှစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေခြင်းသည် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအထိမ်းအမှတ်နှင့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက တစ်နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး အရေအတွက်အားဖြင့်လည်း အကန့်အသတ်ဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ အကန့်အသတ်ဖြင့်ဟုဆိုရာတွင် ပြည်တွင်း၌ လှည့်လည်သုံးစွဲနေသည့် ငွေစက္ကူများအနက်မှဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲရန်မသင့်သော ငွေစက္ကူအမျိုးအစားအသီးသီးတို့နှင့် “တန်ဖိုးတူ လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီးဖြစ်ရာ မသမာသူတို့ ကောလာဟလထုတ်လွှင့်သကဲ့သို့ ငွေစက္ကူအမြောက်အမြား ရိုက်နှိပ်ထုတ်ဝေပြီး ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာစေနိုင်သည့် အခြေအနေမျိုးမဟုတ်ဘဲ နိုင်ငံရေးထိုးနှက်ချက်နှင့် စီးပွားရေးဝိသမလောဘတို့ကြောင့် သာ ဈေးနှုန်းနှင့် ဈေးကွက်တို့တွင် ပုံမှန်မဟုတ်သော အနေအထားများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

မိမိတို့နိုင်ငံသည် သာမန်မဟုတ်သော နိုင်ငံရေးအခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရချိန်ဖြစ်ပြီး အမျိုးမျိုးသောအနှောင့်အယှက်၊ အဖျက်အဆီးများက ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွား ဘဝများကိုပါ တိုက်ရိုက်နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ သတင်းတု၊ သတင်းမှား၊ ကောလာဟလများအပါအဝင် ပြည်ပြေးများနှင့်ပြည်ဖျက်မီဒီယာများက ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လိုက်သော အာဘော်များဟူသမျှကို သတိတရားလက်ကိုင်ထား၍ မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်ကြရမည်ဖြစ်ပါကြောင်း။ ။