ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမျက်နှာတော်မူရာ တူရူအရပ်တွင် ဝိဇယဘူမိနိမ္မာနအောင်မြေတည်ထားခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီး ဖွင့်လှစ်ခြင်းမင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့သည်။
ဗုဒ္ဓဘာသာဝင်တို့၏ယုံကြည်မှုအရ မြတ်ဗုဒ္ဓဘုရားရှင်သည် ဗောဓိညောင်ပင်ရင်း၌ ကိလေသာအပေါင်းတို့ကို အောင်မြင်တော်မူခြင်း၊ အောင်ခြင်းရှစ်ပါးတို့ကို အောင်မြင်တော်မူခြင်းတို့ကိုအကြောင်းပြု၍ စေတီဘုရားတည်ထားကိုးကွယ်ကြသည့် သီးသန့်မြေမြတ်ဌာနတစ်ခုကို အဓိဋ္ဌာန်ပြုရာအောင်မြေအဖြစ် သတ်မှတ်ထားရှိကြသည်။ ဤမြေမြတ်နေရာတွင် မြတ်ဗုဒ္ဓ၏အောင်တော်မူခြင်းကို စိတ်ဝယ်ယုံကြည်ရည်မှန်းပူဇော်၍ မိမိတို့၏လောကီ၊ လောကုတ္တရာကိစ္စအဝဝတို့ အောင်မြင်စေရန်ဆန္ဒပြုပြီး ဆောင်ရွက်ဖွယ်ရာကိစ္စအဝဝတို့ကို ကြိုးပမ်းအားထုတ်ကြကာ အောင်မြင်မှုကိုဆောင်ယူကြသည်။
စေတီဘုရားပေါများသော မြန်မာနိုင်ငံတွင်တန်ခိုးကြီးဘုရားအဆူဆူရှိရာ ပရိဝုဏ်တို့၌ အောင်မြေနေရာများအသီးသီးသတ်မှတ်ထားရှိကြသည်။ မြတ်စွာ ဘုရားရှင်ပွင့်ထွန်းတော်မူရာ ဗုဒ္ဓဂယာသတ္တဌာန ၇ ဌာနအောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ အောင်မြေဌာနပေါင်း ၃၅ ဌာနတို့မှ အောင်မြေများကိုပေါင်းစု၍ ဘူမိနိမ္မာနအောင်မြေဌာနတစ်ခု ပေါ်ထွန်းလာပြီဖြစ်ရာ မြန်မာနိုင်ငံသူနိုင်ငံသား ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ လောကီ၊ လောကုတ္တရာကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်တော့မည်ဖြစ်သည်။ အဆိုပါ အောင်မြေ မြေမြတ်နေရာမှကောင်းကျိုးများကို စိတ်ဝယ်ညွတ်ပြီး သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီးကို ထိုးခတ်ပူဇော်ခြင်းဖြင့် လောကတစ်ခွင်တွင်မေတ္တာတရားများ ပြန့်ပွားလွှမ်းခြုံကာ ငြိမ်းချမ်းသာယာမှုအပေါင်းကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါသည်။
ဝိဇယဘူမိနိမ္မာနအောင်မြေတည်ထားခြင်းနှင့် သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီးကို တည်ထားရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ရည်သန်လျက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မိသားစုက သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ခြင်းအတွက် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က သာဓုအနုမောဒနာခေါ်ဆိုကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့်နိုင်ငံဖြစ်သည်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သည့် ဝိနည်းတော်များနှင့်အညီ လိုက်နာကျင့်သုံးနေသည့် ဗုဒ္ဓဘာသာအဓိကကိုးကွယ်သော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ခိုင်မာသောအခြေခံရှိသောကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ခိုင်မာစွာရှိနေသည်ကို ပြသနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်အဖြစ် ထေရဝါဒဗုဒ္ဓသာသနာတော် ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုတည်ထားကိုးကွယ်မှုများက ဗုဒ္ဓသာသနာသမိုင်းတွင် ထင်ရှားသောသမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်သည်။
ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာ ဗဟိုချက်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အကြီးအကဲဦးဆောင်မှုဖြင့် ခုနစ်ရက်သားသမီးတို့က သဒ္ဓါတရားထက်သန်စွာ အံ့မခန်းဖွယ် သာသနာ့နယ်မြေဖြစ်လာအောင် ပြင်းပြသောလုံ့လဖြင့် ကြိုးပမ်းတည်ဆောက်ခဲ့ကြသည်။ သာသနာတော်အတွက် စိတ်ဝယ်ညွတ်၍ ကြိုးပမ်းအားထုတ်မှုကြောင့် နိုင်ငံတော်သာယာဝပြောမှုနှင့် ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။ နိုင်ငံတော်သာယာဝပြောမှုဆိုသည်မှာ ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးဖြစ်ပြီး စီးပွားလာဘ်လာဘများ တိုးတက်စေရေး၊ ပျော်ပျော်ရွှင်ရွှင်ပညာသင်ကြားနိုင်ရေး၊ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့်အရိပ် အာဝါသအောက်တွင် အားလုံးလုံလုံခြုံခြုံအေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင် စွာနေထိုင်နိုင်ရေးဖြစ်သည်။
ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုသည်မှာ ဗုဒ္ဓဘာသာသာသနာတော်သည် ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ မေတ္တာတရားကို အလေးအနက်ထားသည့် ဘာသာတရားတစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာတရားကိုအခြေခံ၍ ကမ္ဘာကိုမေတ္တာတရားများ ပြန့်ပွားလွှမ်းခြုံသွားမည်ဆိုပါက ကမ္ဘာကြီးသည်လည်း ငြိမ်းချမ်းသာယာမှုဖြစ်စေမှာ မလွဲဧကန်ဖြစ်သည်။ သို့ဖြစ်ရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု ကောင်းမှုအစုစုတို့မှ ဖြစ်ပေါ်လာသည့် မေတ္တာတရားများလွှမ်းခြုံမှုသည် ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြစ်စေပါကြောင်း။ ။