ကချင်ပြည်နယ်ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက်မနမှော်ရှိ ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တစ်ခုတွင် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ခန့်က မြေပြိုကျမှုဖြစ်ပွားခဲ့ရာ ရေကန်အတွင်း ရေမျောနစ်မြုပ်နေသော ရေမဆေးကျောက်ရှာဖွေနေသူများ မြေပိပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။ မြေပိပျောက်ဆုံးနေသူများအား ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့ ၁၂ ဖွဲ့တို့က ရှာဖွေ ကယ်ဆယ်ရေးပြုလုပ်ခဲ့ရာ ဩဂုတ်လ ၁၆ ရက်နေ့တွင် မြေပိသေဆုံးသူ ၃၃ ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင် ရာတာဝန်ရှိသူများက နေ့စဉ်ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး ကျန်ရှိနေသူများအား ဆက်လက်ရှာဖွေလျက်ရှိသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းခွင်များရှိ စွန့်ပစ်မြေစာပုံများတွင် ရေမဆေးကျောက်ရှာဖွေကြသူများ မြေပြိုကျမှုကြောင့် အသက်သေဆုံးမှုများ မကြာခဏဖြစ်ပွားမှုရှိခဲ့သည်။ ယခုကဲ့သို့ မိုးရာသီကာလတွင် မိုးသည်းထန်မှုကြောင့် မြေများပျော့အိကျလာပြီး မြေပြိုမှုအန္တရာယ်များဖြစ်ပွားတတ်သည်ကို သတိပြုဆင်ခြင် ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့နိုင်သောနိုင်ငံ ဖြစ်ပြီး နွေရာသီကာလတွင် မီးလောင်မှု၊ မိုးရာသီကာလတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှု များဖြစ်ပွားတတ်သဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်သတိပြု ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ထားရမည်ဖြစ်သည်။ လူတို့၏ သတိမမူ၊ မဆင်ခြင်မှုတို့ကြောင့် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့နိုင်ရသည်ဖြစ်ရာ ဖြစ်ပွားလာသည့်အခါ ဆုံးရှုံးနစ်နာမှုများ၊ အဖြစ်ဆိုးများနှင့်ကြုံတွေ့ ရတတ်သည်ကို ကာယကံရှင်များသာမက သက်ဆိုင်ရာတို့အနေဖြင့် သတိပြုလုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြုံတွေ့လျက်ရှိသည်။ လတ်တလောတွင် အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်း၌ တောမီးလောင်ကျွမ်းမှုဖြစ်ပွားလျက်ရှိရာ တောမီးနှင့်မလွတ်ဘဲ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူတစ်ရာကျော်ရှိလာပြီဟု သိရသည်။ မြန်မာနိုင်ငံ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ တောင်ပြိုကျမှုကြောင့် သွားလာဆက်သွယ်မှု ပြတ်တောက်ခဲ့သဖြင့် လမ်းပြင်ဆင်မှုများကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၊ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မြေပြိုကျမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူအမြောက်အမြားရှိခဲ့သည်။
ယခုနှစ် မုတ်သုံရာသီစတင်ဝင်ရောက်ချိန်မှစ၍ မိုးသက်မုန်တိုင်းများကျရောက်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများဝင်ရောက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းသောကြောင့် ရေကြီးရေလျှံ၊ ရေနစ်မြုပ်မှုများဖြစ်ပွားခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေပြိုကျခြင်းစသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံနှင့် လူအများထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှုများဖြစ်ပွားခဲ့ကာ အချို့နိုင်ငံများတွင် မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ တောမီးလောင်ခြင်းကြောင့် သေဆုံးမှုများရှိသည်။
ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့နေကြရသဖြင့် ကုလသမဂ္ဂနှင့်ကမ္ဘာ့နိုင်ငံများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အလျင်အမြန် အရေးတကြီးပြုလုပ်ကြရန် တိုက်တွန်း နှိုးဆော်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို မဟာဗျူဟာစီမံချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်စေသည့် သစ်တောသစ်ပင်များပျက်စီးဆုံးရှုံးမှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ လူတို့၏အကျိုးစီးပွားအတွက် အသုံးပြုဆောင်ရွက်မှုများမှတစ်ဆင့် ပေါ်ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ထုတ်လွှတ်မှုများကြောင့် ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာခြင်းဖြစ်သည်။
ကမ္ဘာကြီးနှင့်ပတ်ဝန်းကျင်လောကကို ဆိုးရွားစွာထိခိုက်စေသည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်တည်းက ဆောင်ရွက်နေရုံဖြင့်မပြီးပေ။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတို့၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ပြုလုပ်ဆောင်ရွက်မှုများ၊ လူတို့၏ မဆင်မခြင်နေထိုင်လုပ်ကိုင် ဆောင်ရွက်မှုများကြောင့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရခြင်းဖြစ်ရာ အဓိကကျ သည့်လူသားများက သဘာဝပတ်ဝန်းကျင်ကို သတိပြုရမည်ဟူသောအသိနှင့် ဦးဆောင်ဦးရွက်ပြုလုပ်ဆောင်ရွက်နေသော အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့်စိတ်ထားများ ထားရှိကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် လူသားများ၏တန်ဖိုးမဖြတ်နိုင်သော အသက်များအချည်းနှီးဆုံးရှုံးနေသည်ကို တွေ့မြင်ကြရပြီဖြစ်၍ သဘာဝဘေးအန္တရာယ်ကျရောက်မှုမှ လျော့ပါးသက်သာစေမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။