Skip to main content

ယိုင်နဲ့သွားမည်မဟုတ်သည့် ညီရင်းအစ်ကိုပမာစိတ်ဓာတ်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးတည်ရှိရာ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံအတွင်း၌ ဒုတိယကမ္ဘာစစ်ကာလက တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို ဩဂုတ် ၁၄ ရက်တွင် ဖွင့်လှစ်လိုက်သည်။ အဆိုပါအထိမ်းအမှတ်ရုပ်တုကို စိုက်ထူခြင်းသည် ယခုနှစ်တွင်ကျရောက်သည့် ရုရှား-မြန်မာသံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်အထိမ်းအမှတ်ကိုဂုဏ်ပြုခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ပိုမိုတောင့်တင်းခိုင်မာလာမည်ကို ထုတ်ဖော်ပြသခြင်း၊ ရုရှားနှင့်မြန်မာတို့ပူးပေါင်းကာ ဖက်ဆစ်တို့ကိုတော်လှန်ခဲ့ကြသည်ကို ပြန်လည်အမှတ်ရနေစေမည့် စစ်မှန်သောသမိုင်း၏ အမှန်တရားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့သမိုင်းတွင် ကမ္ဘာလုံးချီဖြစ်ပွားသည့် စစ်ပွဲကြီးနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အဆိုပါကာလများအတွင်း မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက်ခံဘဝ ကျရောက်နေချိန်ဖြစ်သည်။ ပထမကမ္ဘာစစ်ကာလတွင် မြန်မာ့မြေပြင်ပေါ်တွင် စစ်ပွဲများမဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံသားအချို့က အုပ်စိုးသူဗြိတိသျှတို့ဘက်မှနေ၍ သွားရောက်တိုက်ခိုက်ပေးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်တွင်မူ မြန်မာနိုင်ငံသည် စစ်မြေပြင်နှစ်ကြိမ်ဖြစ်ခဲ့ပြီး ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာ့တပ်မတော်ကကြီးမှူး၍ ဖက်ဆစ်ကိုတော်လှန်ခဲ့သည်။ ဗမာ့တပ်မတော်နှင့်အတူ တပ်မတော်မှ ဗိုလ်အကြပ် ၃၀ ခန့်ကြီးမှူးသည့် ပြောက်ကျားတပ်များ သီးခြားဖွဲ့စည်း၍ တိုက်ခိုက်ခဲ့ရာ ရန်သူဖက်ဆစ်တပ်မှ အင်အား ၂၀၀၀၀ ထက်မနည်းကျဆုံးခဲ့ပြီး သုံ့ပန်း ၂၀၀ ကျော် ၃၀၀ ခန့် ဖမ်းဆီးရမိခဲ့သည်။

ထိုစဉ်က ဗမာ့တပ်မတော်၏ စွမ်းဆောင်အောင်မြင်မှုများကို ဗြိတိန်တွင် ထုတ်ဝေနေသည့် သတင်းစာကြီးများက မှေးမှိန်ထိမ်ချန်ထားခြင်းနှင့်စပ်လျဉ်း၍ မျိုးချစ်ဗမာ့တပ်မတော်၏ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းက “ဗြိတိသျှတို့ဟာ  ကျွန်တော်တို့လုပ်သမျှကို ဖုံးနိုင်သမျှ ဖုံးထားသေးတယ်။ အခုကျွန်တော်တို့ တပ်မတော်ကတိုက်ခိုက်တာတွေဟာ သတင်းစာတွေထဲမှာ ပါသင့်သလောက်မပါဘူး။  တချို့နေရာတွေမှာ ကျွန်တော်တို့ပါဝင်ပြီးတိုက်ပေမယ့် ကျွန်တော်တို့မပါဘဲ တိုက်သလို၊ ဂျပန်ကျဆုံးသမျှတွေဟာ သူတို့ချည်းတိုက်လို့ ကျဆုံးသလို သတင်းပေးတယ်။ တချို့နေရာတွေမယ် ကျွန်တော်တို့ချည်းတိုက်ရတယ်။ ဒါတွေကို သတင်းလည်းမပေးဘူး။ ပေးပြန်ရင်လည်းတခြားတပ်တွေတိုက်သလိုသတင်းပေးတယ်။ အဲ့သည်လို သတင်းတွေထိမ်ထားတဲ့ထဲက ကမ္ဘာကကျွန်တော်တို့လုပ်ငန်းတွေကို အသိအမှတ်မပြုဘဲ မနေနိုင်အောင်အခုဖြစ်ခဲ့တယ်။ ဒီလိုကမ္ဘာက ဗမာပြည်ကို ထင်ထင်ရှားရှား အသိအမှတ်ပြုလာခဲ့တာဟာ ဗမာပြည်ရဲ့ရာဇဝင်မှာ ဒီတစ်ကြိမ်ဘဲရှိသေးတယ်” ဟု ၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

အထက်မြန်မာနိုင်ငံ မန္တလေးတစ်ဝိုက်တွင် ဗိုလ်မှူးကြီးဗထူး ကြီးမှူး၍ တပ်မတော်က ဖက်ဆစ်တို့ကိုတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီး ဗထူးတိုက်ပေးသည့်အတွက် မန္တ‌လေးတိုက်ပွဲ လျင်မြန်စွာ အောင်မြင်မှုရခဲ့ကြောင်း မဟာမိတ်တပ်မတော် အမှတ်(၁၄) တပ်မှူးလက်ဖ်တင်နင် ဂျင်နရယ်ဆာဝီလီယံ ဆလင်းကိုယ်တိုင် ရေဒီယိုမှ ချီးကျူးပြောကြားခဲ့ရသည်။ ဗိုလ်မှူးကြီးဗထူးသည် ဆက်လက်၍လည်း မြို့ရွာအမြောက်အမြားကိုသိမ်းပြီး ရှမ်းပြည်နယ်ဘက်သို့ပါ ဆက်လက်တိုက်ခိုက်ခဲ့ရာ မဟာမိတ်ဒီဝီဇံတပ်မမှူးတိုင်းလိုလိုက ဗိုလ်မှူးကြီးဗထူးကို သိရှိချီးကျူးခဲ့ကြသည်။ မိတ္ထီလာဘက်တွင် ဗမာ့တပ်မတော်တပ်ရင်း(၅)က တိုက်ခိုက်ခဲ့ပြီး တောင်ငူနယ်တွင် ပြောက်ကျားတပ်များက ကူညီတိုက်ခိုက်ခဲ့သည့်အတွက် မဟာမိတ်တပ်များ ရန်ကုန်သို့အရောက်မြန်နိုင်ခဲ့သည်။ ဗမာ့တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဖက်ဆစ်တို့ ရန်ကုန်မှအမြန်ဆုတ်ခွာရပြီး စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုများနှင့်ပါ ရင်ဆိုင်သွားခဲ့ကြရသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့တပ်မတော်သားများကို ဂုဏ်ပြုသည့်အနေဖြင့် ရုရှားတပ်မတော် ကျက်သရေဆောင်၊ ဂုဏ်ယူဖွယ်ရာနေရာတွင် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အထိမ်းအမှတ်ရုပ်တုကို ရုရှားကာကွယ်ရေးဝန်ကြီး၏ စတင်အကြံပြုချက်အပြင် ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ဆောင်ရွက်မှုများဖြင့် ယခုကဲ့သို့ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ရာ ရုရှားနှင့် မြန်မာတို့၏ ရင်းနှီးချစ်ကြည်မှု၊ ညီရင်းအစ်ကိုပမာ ခိုင်မြဲသည့်မဟာမိတ်စိတ်ဓာတ်တို့ကို ဖော်ကျူးနေခြင်းပင်ဖြစ်သည်။ နှစ်နိုင်ငံအကြားမှ ရင်းနှီးချစ်ကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာမိတ်စိတ်ဓာတ်တို့သည် နိုင်ငံတကာမျက်နှာစာတွင် ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် အချိန်ကာလ၏ တိုက်စားမှုများကိုပါ ကြံ့ကြံ့ခံ၍ ထာဝရတည်တံ့ခိုင်မြဲပါစေကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်