မိမိတို့နိုင်ငံတွင် ပြည်တွင်းစားသုံးဆီလိုအပ်ချက်က ထုတ်လုပ်နိုင်သည့် ပမာဏထက် များစွာမြင့်မားနေခြင်းကြောင့် နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ ပြည်တွင်းဆီစားသုံးမှုဟုဆိုရာတွင် ပြည်သူလူထု၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုသာမက စက်မှုလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများစသည်တို့မှ သုံးစွဲမှုများလည်း ပါဝင်သည်။ မည်သို့ပင်ဖြစ်စေ နှစ်စဉ်ပြည်တွင်းစားသုံးဆီလိုအပ်ချက် တန်ချိန် ၁၁ သိန်းခန့်အတွက် ပြည်ပမှ တန်ချိန် ၉ သိန်းခန့် ဝယ်ယူဖြည့်တင်းနေရခြင်းဖြစ်ရာ ပြည်တွင်းထုတ်လုပ်နိုင်မှုနှင့် ပြည်တွင်းစားသုံးမှုတို့အကြား ကွာဟချက်လွန်စွာကြီးမားနေသည်။
ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ဧကနှင့် အထွက်နှုန်းပိုမိုတိုးတက်ရေးနှင့် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးကို ဩဂုတ် ၂၀ ရက်က ကျင်းပရာတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများမှ ထွက်ကုန်များကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်လုပ်သည့် Supply Chain တစ် လျှောက်တွင်ရှိသော လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေ၊ မျိုးစေ့၊ မြေဩဇာနှင့်ရေစသည့် သွင်းအားစုများ အချိန်မီရရှိနိုင်ရန် “စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ” က ဦးဆောင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆင့်မီဆီစက်များ တိုးချဲ့တပ်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ဆောင်ရွက်ရန် “ဆီစက်ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့” က ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုစာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံးတွင် ဆီစက်အကြီးစား ၂၃၀ ကျော်၊ ဆီစက်အလတ်စား ၉၂၀ ကျော်၊ ဆီစက်ငယ် ၃၁၀၀ ကျော်ရှိသဖြင့် ဆီစက်အကြီးစားမှာ တစ်နိုင်ငံလုံးရှိ ဆီစက်အားလုံး၏ ၅ ရာခိုင်နှုန်း၊ ဆီစက်အလတ်စားမှာ ၂၁ ရာခိုင်နှုန်း၊ ဆီစက်ငယ် ၇၃ ရာခိုင်နှုန်းရှိကြောင်းနှင့် တစ်နှစ်လျှင် စားသုံးဆီထုတ်လုပ်မှု တန်ချိန် ၆၆၀၀၀ ကျော်သာရှိကြောင်း သိရှိရသည်။ ပြည်တွင်းဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်တွင်းဆီစားသုံးမှုတို့၏အကြားတွင်ရှိနေပြီး ၎င်းတို့အပေါ်တွင် တည်မှီနေခြင်းဖြစ်သည်။ ဆီထွက်သီးနှံများကို ပြည်ပသို့ ကုန်ကြမ်းများအတိုင်း တင်ပို့ရောင်းချခြင်းနှင့် ပြည်တွင်း၌ ရိုးရာပုံစံစားသုံးမှုများကြောင့် ဆီစက်များအတွက် ကုန်ကြမ်းရရှိမှု နည်းပါး ပြီး စက်စွမ်းအားပြည့် မလည်ပတ်နိုင်ခြင်းနှင့် အချို့ရပ်နားထားရခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
တစ်ဖန် ပြည်တွင်းစားသုံးဆီစျေးကွက်တွင် ပြည်ပမှတင်သွင်းလာသည့် စာအုန်းဆီ၏စျေးနှုန်းကို မယှဉ်နိုင်ခြင်း၊ ဓာတုဗေဒပစ္စည်းများဖြင့် အရောင်၊ အနံ့များကို ပြုပြင်၍ ရောင်းချသည့်ဆီများက စျေးကွက်တွင် ဖုံးလွှမ်းနေပြီး မသိနားမလည်သည့် စားသုံးသူအများစုက လက်ခံသုံးစွဲနေကြခြင်းတို့ကြောင့် ပြည်တွင်းမှ ဆီထွက်သီးနှံ ပဲ၊ နှမ်း၊ နေကြာစသည်တို့ကို အစစ်အမှန် ကြိတ်ခွဲထုတ်လုပ်နေသည့် ပြည်တွင်းဆီစက်လုပ်ငန်းများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ကုန်ကြမ်းရရှိမှု နည်းပါးခြင်းနှင့် ကုန်ချောကို စျေးကွက်တွင် မမှန်မကန်ယှဉ်ပြိုင် နေရခြင်းတို့ကြောင့် ပြည်တွင်းဆီစက် လုပ်ငန်းများ အထိနာခဲ့ရခြင်းဖြစ်သည်။
ယခုအခါ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ဧကနှင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်ရေးအတွက် ပံ့ပိုးအားပေးမှုများဖြင့် ဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံကုန်ကြမ်းများ ပြည်ပသို့တင်ပို့မှုနှင့် ပတ်သက်၍လည်း ပြည်တွင်းစားသုံးမှု ဖူလုံရေးဦးစားပေးသည့်မူဖြင့် ထိန်းသိမ်းကွပ်ကဲလျက်ရှိသည်။ ပြည်တွင်းဆီစားသုံးသူများအနေဖြင့် ပြည်တွင်းမှ ထုတ်လုပ်သည့် စားသုံးဆီအစစ်အမှန်များကိုသာ ဝယ်ယူသုံးစွဲရန်နှင့် ပြုပြင်ရောနှောထားသည့် ဆီများအပါအဝင် ကျန်းမာရေးနှင့် မညီညွတ်သော စားသုံးရန်မသင့်သည့် ဆီများကို ရှောင်ကြဉ်ကြရန်လည်း ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
ရေရှည်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးလိုအပ်ချက်ကို ပြည်တွင်းမှ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်တွင်းဆီစက်လုပ်ငန်းများမှ ကြိတ်ခွဲထုတ်လုပ်မှုများဖြင့် ရာခိုင်နှုန်းပြည့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ရန် တာဝန်ရှိသူများ၊ စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များ၊ စားသုံးသူများစသည့် အဘက်ဘက်မှ ပါဝင်ဆောင်ရွက်သွားကြရပါမည့်အကြောင်း။ ။