အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ကျောင်းအခြေပြု စတင်ထိုးနှံပေးလျက်ရှိပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးဦးရေ တစ်သိန်းလျှင် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားသူ ၁၃ ဒသမ ၃ ဦးရှိပြီး ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒသမ ၉ ဦးရှိရာ ရောဂါဖြစ်ပွားသူထက်ဝက်ကျော်တို့ သေဆုံးကြရသည်ကို တွေ့ရသည်။ တစ်ဖန် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူများ၏ ရာခိုင်နှုန်း ၉၀ မှာ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများမှ ဖြစ်ရာ သေဆုံးမှုနှုန်းမြင့်မားနေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများ (အသက်အရွယ်အားလုံး)တွင် ဖြစ်လေ့ရှိသောကင်ဆာအားလုံး၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပြီး အသက် ၁၅ နှစ်မှ ၄၄ နှစ်အတွင်း အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်သည့်အပြင် ကင်ဆာကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ လိင်အင်္ဂါကြွက်နို့ဖြစ်စေတတ်သည့် အိတ်ချ်ပီဗွီပိုး (Human Papilloma Virus)ကြောင့်ဖြစ်ပြီး ၎င်းသည် မျိုးပွားလမ်း ကြောင်းတွင် အဓိကကူးစက်တတ်သောရောဂါပိုးဖြစ်သည်ဟု သိရသည်။ အိတ်ချ်ပီဗွီပိုးအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိသည့်အနက် အဖြစ်များသည့်ရောဂါပိုးမှာ ၁၄ မျိုးရှိသည်ဟု ဆိုသည်။ လိင်ဆက်ဆံခြင်းနှင့် အရေပြားထိတွေ့ခြင်းတို့မှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်ပြီး အိတ်ချ်ပီဗွီကာကွယ်ဆေးကို ရောဂါပိုးကူးစက်ခံရပြီးနောက်မှ ထိုးနှံပါက ထိရောက်မှုမရှိကြောင်းလည်း သိရသည်။
သားအိမ်ခေါင်းကင်ဆာသည် ရှေ့ပြေးအဆင့်တွင် လက္ခဏာမပြဘဲ ကင်ဆာရောဂါအဆင့်သို့ရောက်မှသာ ရောဂါလက္ခဏာများ ပြတတ်ခြင်းဖြစ်ရာ အိတ်ချ်ပီဗွီ ကာကွယ်ဆေးကို ငယ်ရွယ်စဉ် ကြိုတင်ထိုးနှံခြင်းနှင့် အချိန်အခါအလိုက် ပုံမှန်စစ်ဆေးခြင်းတို့ဖြင့် ဆက်လက်ကာကွယ်သွားရန်လိုသည်။ သားအိမ်ခေါင်းကင်ဆာ စတင်ဖြစ်ပွားလာသည့်အခါမှသာ ရောဂါလက္ခဏာအချို့ကို ပြသလာခြင်းဖြစ်ရာ မဖြစ်မီက ကြိုတင်ကာကွယ်ခြင်းကသာလျှင် အထိရောက်ဆုံးဟုဆိုနိုင်သည်။ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော စစ်တမ်းအရ သားအိမ်ခေါင်းကင်ဆာ လူနာများ၏ ၈၆ ရာခိုင်နှုန်းတွင် အန္တရာယ်များသော အိတ်ချ်ပီဗွီ အမျိုးအစား (၁၆) နှင့် (၁၈) တို့ ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ ‘‘သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားစေသည့် HPV ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ပိုး အမျိုးအစား လေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း’’ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်၌ ကာကွယ်ဆေးထိုးအစီအစဉ်များဖြင့် ထိုးနှံပေးခဲ့ရာတွင် အဆိုပါနိုင်ငံများ၌ လိင်အင်္ဂါကြွက်နို့နှင့် သားအိမ်ခေါင်း ရှေ့ပြေးကင်ဆာဖြစ်ပွားမှုနှုန်းလျော့ကျလာသည်ဟု သိရသည်။ အိတ်ချ်ပီဗွီကာကွယ်ဆေးကို သတ်မှတ်ထားသောအရွယ်တွင် လွှမ်းခြုံမှုနှုန်းအမြင့်မားဆုံး ထိုးနှံပေးနိုင်ခြင်းအားဖြင့် ရောဂါပိုးကူးစက်ခံရမှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆင့်သုံးဆင့် သတ်မှတ်ထားရာ ပဏာမအဆင့်တွင် အိတ်ချ်ပီဗွီ ကာကွယ်ဆေး ထိုးနှံခြင်း၊ ဒုတိယအဆင့်တွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးခြင်းနှင့် တတိယအဆင့်တွင် လိုအပ်သောကုသခြင်းတို့ကို တစ်ပြိုင်တည်းလုပ်ဆောင်ခြင်းဖြင့် ထိရောက်စွာ ကာကွယ်သွားရန်ဖြစ်သည်။
သားအိမ်ခေါင်းကင်ဆာသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်ပြီး အန္တရာယ်ကြီးမားသော်လည်း ကြိုတင်ကာကွယ်နိုင်သော ကင်ဆာဖြစ်သည်။ ယခု ဩဂုတ်လနှင့်လာမည့် စက်တင်ဘာလတို့တွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံရာတွင်လည်းကောင်း၊ လာမည့် အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ထိုးနှံရာတွင်လည်းကောင်း လွှမ်းခြုံမှုမြင့်မားသည်နှင့်အမျှ သားအိမ် ခေါင်းကင်ဆာဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုတို့ လျော့နည်းကျဆင်းသွားမည်ဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သည့် အစီအစဉ်ဖြစ်သည့်အလျောက် အားလုံးပါဝင် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။