Skip to main content

ပြည်တွင်းထုတ်ကုန်တိုးမြှင့် ပြည်ပသွင်းကုန်လျှော့ချ

မြန်မာနိုင်ငံတွင် ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲမှာ ကုန်စည်ပစ္စည်းဈေးနှုန်းများ မြင့်မားနေခြင်းဖြစ်သည်။ ကုန်ပစ္စည်းတန်ဖိုးများ မြင့်မားနေခြင်းအကြောင်းရင်းသည် ပြည်ပသွင်းကုန်များပြားခြင်းကြောင့် ကုန်သွယ်မှုလိုငွေမြင့်မားခြင်းကို အကြောင်းခံပေသည်။ သွင်းကုန်များ၍ နိုင်ငံခြားငွေလိုအပ်ချက်များလာသည်ကို အကြောင်းပြုပြီး ငွေကြေးဈေးကွက်တွင် ငွေလဲလှယ်နှုန်းမြင့်တက်လာကာ ကုန်ပစ္စည်းဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာသည်။

ဆက်စပ်အကြောင်းမှာ နိုင်ငံခြားငွေလိုအပ်ချက်မြင့်မားနေမှုကို အကြောင်းပြု၍ တရားမဝင်ငွေကြေးဈေးကွက်တွင် နေ့စဉ်ဈေးကစားနေမှုများ၊ တရားဝင်ကုန်စည်ဈေးကွက်တွင် မတော်လောဘဖြင့် ပိုမိုအမြတ်ထုတ်မှုများရှိလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းများမြင့်တက်လာသည့် အကြောင်းများဖြစ်လာပြီး နေ့စဉ်လူမှုစီးပွားဘဝတွင် ပြည်သူများအခက်တွေ့စေသော အကြောင်းဖြစ်လာသည်။ အရင်းခံအကြောင်းသည် နိုင်ငံခြားငွေဈေးမြင့်တက်မှုကြောင့်ဖြစ်ပြီး အခြားအကြောင်းသည် နိုင်ငံခြားငွေကြေးမြင့်တက်မှုကို အကြောင်းပြု၍ မတော်လောဘဖြင့် အမြတ်ထုတ်လိုမှုများကြောင့်ဖြစ်သည်။

ပြည်သူများ ကြုံတွေ့နေရသည့်အခက်အခဲများကို သက်သာစေရန်အတွက် နိုင်ငံတော်အစိုးရက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းပြီး ဒေသအလိုက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရအဖွဲ့အစည်းများအားလုံး ပူးပေါင်းဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ အခြေခံပြည်သူများ ကြုံတွေ့နေရသောအခက်အခဲကို လတ်တလောပြေလည်စေရန်အတွက် စည်ပင်သာယာရေးအဖွဲ့များကလည်း အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောနှုန်းထားဖြင့် လိုက်လံရောင်းချပေးလျက်ရှိသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်ပတ်သက်၍ အခြေခံပြည်သူအများစု နေ့စဉ်စားရေးအတွက် အဆင်ပြေချောမွေ့စေရန် အဓိကအရေးကြီးသည်။ ပြည်သူများ၏ စားရေးတွင် အဓိကကျသည့် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ သား၊ ငါး စသည့်မီးဖိုချောင် သုံးစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ရန်လိုအပ်သည်။ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ်အကျိုးရှိထိရောက်မည့် နည်းလမ်းများကိုအသုံးပြု၍ သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေးဆိုင်ရာပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည်။

ရေရှည်အားဖြင့် ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းသည် ပြည်ပသွင်းကုန်များပြားပြီး နိုင်ငံခြားငွေလိုအပ်မှုမြင့်မားလာသည်ကို အကြောင်းခံနေသဖြင့် ပြည်တွင်းထုတ်ကုန်များကို အရည်အသွေးပြည့်မီအောင်ထုတ်လုပ်ခြင်း၊ လုံလောက်ပိုလျှံအောင် ထုတ်လုပ်ခြင်းဖြင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်အောင်ဆောင်ရွက်နေသည်။ အခြေခံစားကုန်တစ်မျိုးစီ၏ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှုပမာဏတို့ကို ချိန်ဆကာ လိုအပ်သည့်မူဝါဒများကို နိုင်ငံတော်ကချမှတ်ထားပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများအားလုံး အကောင်အထည်ဖော်ဆောင်ရွက်နေသည်။

ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူပို့ဆောင်ရေးစရိတ်ကို ကြီးမြင့်စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု၊ ကြားခံအဆင့်များပြားနေမှုကို လျှော့ချနိုင်မည့်နည်းလမ်းများရှာဖွေမှု၊ ကုန်စည်အဝင်/အထွက် မျှတမှုရှိ/မရှိနှင့် ဝိသမလောဘသမားများ၏ ဈေးကစားမှုများ ရှိ/မရှိတို့ကို စုံစမ်းစိစစ်ခြင်းများဆောင်ရွက်မှု၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို ပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်မှု၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးတက်မှုကိုထိန်းသိမ်းမှု၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်အောင် သိုလှောင်မှုစသည်တို့ကို ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ပေသည်။

ကုန်ဈေးနှုန်းတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှုလျော့နည်းလာအောင် ဆောင်ရွက်မှုတို့သည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်သဖြင့် အမျိုးသားအကျိုးစီးပွားအတွက် အသိတရားဖြင့် အားလုံးပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ကုန်ဈေးနှုန်းကြီးမြင့်မှုသည် ကျယ်ပြန့်နက်နဲရှုပ်ထွေးသည့် အကြောင်းကိစ္စဖြစ်သဖြင့် လက်ရှိတွင် ကုန်ဈေးနှုန်းမြင့်မားစေသည့် အရင်းခံအကြောင်းများကို ရှာဖွေဖော်ထုတ်၍ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရေရှည်အတွက် ပြည်တွင်းထုတ်ကုန်များကို တိုးတက်မြင့်မားအောင်ဆောင်ရွက်ကာ ပြည်ပသွင်းကုန်များကို လျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်