Skip to main content

ပွင့်လင်းရာသီအမီပြင်ဆင်ခရီးသွားလုပ်ငန်းမြှင့်တင်

၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ မြန်မာနိုင်ငံတွင်မူ ယင်းမတိုင်မီကာလ ၂၀၁၈ ခုနှစ်ကပင် ရခိုင်ပြည်နယ်အရေးကိစ္စကိုအကြောင်းပြ၍ ဟန့်တားပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံများမှ ခရီးသွားဧည့်သည်များလာရောက်မှုကို လက်လွှတ်ခဲ့ရပြီး အာရှနှင့်အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားများကိုသာ မျှော်ခဲ့ရသည့်အနေအထားရှိခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်ပြီးသည့်နောက် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ၎င်းတို့၏ စီးပွားရေးကဏ္ဍများ ပြန်လည်နာလန်ထူလာရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် ခရီးသွားလုပ်ငန်းသည် အလျင်မြန်ဆုံးပြန်လည်နိုးထလာနိုင်သည့် စီးပွားရေးလုပ်ငန်း၊ ပြည်ပဝင်ငွေကို မြန်မြန်ဆန်ဆန်နှင့်များများစားစား ရှာဖွေပေးနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် တွေ့မြင်ရသည်။ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြည်တွင်းရှိဒေသအစိတ်အပိုင်းအချို့၌ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆောင်ရွက်မှုများပြုလုပ်နေရသည့်တိုင် ခရီးသွားလုပ်ငန်းများ ကောင်းစွာလည်ပတ်လုပ်ကိုင်နိုင်သည့်အလျောက် ခရီးသွားဆွဲဆောင်ရာဒေသများတည်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့အနေဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်မှုများကို ပြုလုပ်သွားကြရန်လိုအပ်လာသည်။

“မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဒေသထွက်စားသောက်ကုန်များ သန့်ရှင်းကောင်းမွန်မှုများရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ တည်းခိုရေးနှင့်သက်ဆိုင်သည့်ဟိုတယ်များနှင့် တည်းခိုခန်းများ၊ စားသောက်ရေးနှင့်အသုံးအဆောင်ပစ္စည်းများ အဆင့်အတန်းရှိရှိဖြစ်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၃)သို့ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ခရီးသွားခြင်းသည် ကိုယ်ရောစိတ်ပါ အပန်းပြေမှု၊ ကျေနပ်ပျော်ရွှင်မှု၊ ကြည်နူးဖွယ်ခံစားမှုတို့နှင့် အတွေ့အကြုံသစ်များကိုရရှိလိုသည့်အတွက် ဒေသတစ်ခုခုဆီသို့ သွားရောက်ကြခြင်းဖြစ်သည်။ ခရီးသည်များ၏လိုအပ်ချက်အတွက် သယ်ယူပို့ဆောင်ရေး၊ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ ဧည့်ခံဖျော်ဖြေရေးတို့ကို အကောင်းဆုံးစီမံဆောင်ရွက်ခြင်းဖြင့် ဒေသတွင်အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိလာနိုင်သကဲ့သို့ ဒေသစီးပွားရေးကိုလည်း အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည့်အလျောက် ခရီးသည်များပိုမိုလာရောက်ကြစေရန် ဆွဲဆောင်ရေး၊ ခရီးသွားလုပ်ငန်းများအတွက် လိုအပ်ချက်များ ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ရေး၊ ခရီးစဉ်အသစ်များ ဖော်ထုတ်ရေးဆွဲရေးတို့ကို ပွင့်လင်းရာသီမတိုင်ခင် ယခုကပင် ကြိုတင်ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ခရီးသွားဒေသများ၊ ဆွဲဆောင်ရာနေရာများ ကိုယ်စီပိုင်ဆိုင်ထားကြသည်။ ဒေသအလိုက် ကွဲပြားခြားနားမှုများ၊ ထူးခြားမှုများလည်းရှိနေကြပြီး ခရီးသွားများသိရှိလာစေရန် ဖော်ထုတ်ခြင်းနှင့် စိတ်ဝင်စားလာရောက်စေရန်ဖိတ်ခေါ်ခြင်းတို့ ပြုလုပ်သွားကြရမည်ဖြစ်သည်။ မိမိတို့ပိုင်ဆိုင်ထားသည့် ခရီးသွားဒေသများ သန့်ရှင်းသပ်ရပ်ထင်ရှားပေါ်လွင်နေစေရေး၊ မိမိတို့ ခရီးသွားဒေသများ၏ ကိုယ်ပိုင်ဝိသေသများ၊ စိတ်ဝင်စားဖွယ်အကြောင်းအရာများကိုပါ ဖော်ထုတ်ပြသရေး၊ လာရောက်ကြသည့်ခရီးသည်များအား စိတ်ဝင်စားဖွယ်အတွေ့အကြုံများ ခံစားရရှိစေနိုင်ရန် ဖန်တီးဖော်ဆောင်ပေးရေး၊ ဒေသခံများ၏ ရင်းနှီးဖော်ရွေမှုများ၊ ရိုင်းပင်းကူညီမှုများဖြင့် နွေးထွေးစွာကြိုဆိုရေး၊ သတင်းအချက်အလက်နည်းပညာဖြင့် မိမိတို့၏ ဒေသဆိုင်ရာအချက်အလက်များ အလွယ်တကူရရှိအောင်ဆောင်ရွက်ကာ ဈေးကွက်မြှင့်တင်ရေးတို့သည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက် အရေးပါသည့်အချက်များဖြစ်သည်ဟု ကျွမ်းကျင်သူများ၏ အကြုံပြုချက်များအားဖြင့်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ကာ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ကြပါစေကြောင်း။ ။