Skip to main content

လိမ်လည်လှည့်ဖြားမှုများ ကာကွယ်တိုက်ဖျက်

စက်တင်ဘာလ ၁၃ ရက်နေ့သည် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်သည်။ လူကုန်ကူးမှုဆိုသည်မှာ တစ်ဦးဦးသည်အခြားတစ်ဦးတစ်ယောက်ကို သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ လက်ခံပေးခြင်းတို့ကိုဆိုလိုသည်။ တစ်နည်းဆိုလျှင် ကျားမကြီးငယ်မရွေး တစ်ဦးတစ်ယောက်ကို ပြည့်တန်ဆာပြုခြင်း၊ ကျေးကျွန်ပြုခြင်း၊ လုပ်အားအမြတ်ထုတ်ခြင်း၊ နှောင်ဖွဲ့စေခိုင်းခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများထုတ်ယူခြင်း၊ ရောင်းချခြင်းတို့သည် လူကုန်ကူးမှုလက္ခဏာများဖြစ်သည်။

တစ်ချိန်သောကာလက လက်နက်အားကိုးအင်အားသုံး၍ လူတို့ကိုအဓမ္မဖမ်းဆီးပြီး ကျေးကျွန်အဖြစ်အနိုင်ကျင့်သောအမှုကိုပြုလုပ်ခဲ့ကြရာမှ မျက်မှောက်ကာလတွင် အားနည်းသောသူတို့အား လိမ်လည်လှည့်ဖြား သွေးဆောင်ခေါ်ယူရောင်းချပြီး ကျေးကျွန်သဖွယ် အဓမ္မစေခိုင်းသောအမှုတို့ကိုပြုလုပ်ကြသည်။ လူအချင်းချင်း လှည့်ဖြားသိမ်းသွင်း၍ လွှဲပြောင်းရောင်းဝယ်ကြသည့် လူမဆန်သော စက်ဆုပ်ဖွယ်အမှုများဖြစ်သည်။ လူကိုကုန်ပစ္စည်းကဲ့သို့သဘောထားကာ ခေါင်းပုံဖြတ်အမြတ်ထုတ်သောလုပ်ငန်းများသည် မျက်မှောက်ကာလတွင် နည်းပညာကိုအသုံးချ၍ ဂိုဏ်းသဖွယ်အင်အားကြီးမားလာရာ အမျိုးသားရေးတာဝန်အဖြစ် ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ကြရမည်ဖြစ်သည်။

လူကုန်ကူးမှုသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး အင်အားကြီးထွားလာသော ရာဇဝတ်မှုဖြစ်လာသည်။ နှစ်စဉ်လူသားများအား လူကုန်ကူးခြင်းလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံမှ ၉ ဘီလီယံအတွင်းရရှိကြသည်ဟု ခန့်မှန်းထားသည်။ ဥရောပကောင်စီသည် လူကုန်ကူးခြင်းမှ ကမ္ဘာအနှံ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅ ဘီလီယံဖြင့် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ကြီးမားသောပမာဏသို့ ရောက်ရှိခဲ့သည်ဟု ဆိုထားသည်။ ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၂၇ နိုင်ငံမှ လူဦးရေ ၂ ဒသမ ၅ သန်းနီးပါး လူကုန်ကူးခံရသည်ဟု ကုလသမဂ္ဂကခန့်မှန်းထားသည်။ အမေရိကန်နိုင်ငံတွင် လူကုန်ကူးခံရသောအမှုများအနက် ၈၀ ရာခိုင်နှုန်းကျော်မှာ လိင်မှုကိစ္စဖြင့် လူကုန်ကူးခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လူကုန်ကူးမှုပြဿနာအမျိုးမျိုးသည် ဆင်းရဲသောနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဖြစ်ပွားလေ့ရှိပြီး နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုများ ကြီးထွားလာသည်။ မြန်မာနိုင်ငံတွင်လည်း လူကုန်ကူးမှုပြဿနာများမှာ မြင့်မားနေဆဲဖြစ်ပြီး အထူးသဖြင့်တစ်ဖက်နိုင်ငံများသို့ လိမ်လည်လှည့်ဖြား အဓမ္မပို့ဆောင်မှုများ ဖြစ်ပေါ်လျက်ရှိပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်း တိုက်ဖျက်ရေးအဖွဲ့များက ဖမ်းဆီးရမိအပြစ်ပေးမှုများကို နေ့စဉ်တွေ့မြင်နေရသည်။ ပြီးခဲ့သည့်လပိုင်းအတွင်းက တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို လေးနိုင်ငံမှ ရဲတပ်ဖွဲ့များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေးကျင်းပ၍ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားရာဇဝတ်မှုများ၊ ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသော လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီးမှု စသည့်ရာဇဝတ်မှုများကို အထူးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ မျက်မှောက်ကာလတွင် ပြစ်မှုကျူးလွန်သူများသည် အကျဉ်းအကျပ်ရောက်၍ အားကိုးရာမဲ့နေသူများ သို့မဟုတ် အလုပ်ကောင်းရမည်ဟူသောကတိများ သို့မဟုတ် အခြားအခွင့်အလမ်းမက်လုံးများကို လူကိုယ်တိုင်သော်လည်းကောင်း၊ အွန်လိုင်းပေါ်မှသော်လည်းကောင်း လှည့်ဖြားသွေးဆောင်ပြီး သားကောင်များဖြစ်လာသည့်အခါ လိင်ကျေးကျွန် သို့မဟုတ် အလုပ်ကျေးကျွန်များအဖြစ် ငှားရမ်းခြင်း၊ ရောင်းဝယ်ခြင်းဖြင့် အကျိုးအမြတ်များရလာကြသည်။ လူကုန်ကူးမှုကို အစိုးရများကထိရောက်စွာတိုက်ဖျက်လာသောအခါ လူတို့ကိုစည်းရုံးသိမ်းသွင်းပြီး အငှားမယားအဖြစ်ဆောင်ရွက်ခြင်း၊ ကလေးမွေးစားခြင်းတို့ အသွင်ပြောင်းလုပ်ကိုင်လာသည်ကို ကြုံတွေ့လာရသည်။ မည်သို့ပင်ဖြစ်စေ လူကုန်ကူးမှုကို နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းတိုက်ဖျက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေပြီဖြစ်၍ ဖမ်းဆီးအရေးယူခံရပါက ထိရောက်သောပြစ်ဒဏ်များခံကြရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အား လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာအသိပညာများ ပြည်သူလူထုအတွင်းစိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်သွားရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဟူသည့် ရည်ရွယ်ချက်(၄)ရပ်ကို ချမှတ်ထားရာ လူကုန်ကူးမှုကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်အတွက် အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ အွန်လိုင်းပေါ်မှလိမ်လည်မှုနှင့် လူကုန်ကူးမှုပြဿနာကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများကြုံတွေ့နေရသဖြင့် ထိရောက်စွာတိုက်ဖျက်နိုင်ရေးအတွက် ဆက်သွယ်ရေးကွန်ရက်အသုံးပြုမှုများကို လွှမ်းခြုံစောင့်ကြည့်ပြီး အချင်းချင်းလက်တွဲချိတ်ဆက်၍ အမျိုးသားရေးအသွင် ထမ်းရွက်ကြရမည်ဖြစ်ပါကြောင်း။ ။