Skip to main content

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်အလိုက် ရေးဆွဲထားသည့် စီမံချက်လုပ်ငန်းစဉ် (မူကြမ်း)များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၁၅

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ၏ လုပ်ငန်းနယ်ပယ် (၁၂)ရပ်အတွက် ရေးဆွဲထားသည့် စီမံချက်လုပ်ငန်းစဉ် (မူကြမ်း)များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရှီတွင် နေပြည်တော်ရှိ Kumudra Ballroom Hotel Max ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း(၂၀၂၃ -၂၀၃၂) ရေးဆွဲရေးဆိုင်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃ - ၂၀၃၂) ရေးဆွဲရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ၂၀၂၂ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေထုတ်ပြန် စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၈ သန်းရှိပြီး အမျိုးသားဦးရေသည် ၂၆ ဒသမ ၇ သန်းဖြစ်၍ အမျိုးသမီးဦးရေသည် ၂၉ ဒသမ ၁ သန်း ရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သည့် မြန်မာအမျိုးသမီးထုကြီး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ပေးခြင်းအားဖြင့် နိုင်ငံ တော်အတွက် အားကိုးအားထားပြုနိုင်သည့် အင်အားစုကြီးဖြစ်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ကို ဆက်စပ်ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဩဂုတ်၂၃ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်နှင့်အညီ ဦးဆောင်ကော်မတီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ(၁၂)ရပ်ကိုလည်း ထပ်မံ ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းကာ ဦးဆောင်ကော်မတီသို့ တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ပါ လုပ်ငန်းနယ်ပယ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ရေးဆွဲထားသည့် လုပ်ငန်းစီမံကိန်းများနှင့် ချိတ်ဆက်ကာ ကျား၊ မ ရေးရာထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) ဆောင်ရွက်နိုင်ရန် ဦးဆောင်ကော်မတီဝင်များ၏ လမ်းညွှန်မှုနှင့်အတူ လုပ်ငန်းကော်မတီအားလုံးက ဝိုင်းဝန်းပူးပေါင်းရေးဆွဲဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသာအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် များအား ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ အသီးသီးက မိမိတို့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ် အလိုက် တာဝန်ယူရေးဆွဲထားကြသည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ် စီမံချက်လုပ်ငန်းစဉ် (မူကြမ်း) များနှင့် ပတ်သက်၍ အကြံပြုပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်