Skip to main content

မုတ်သုံရာသီအပြောင်းအလဲအတွက်ပြင်ဆင်

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ်ခွာသွားပြီဖြစ်သည်။ ထို့အပြင် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ စတင်ဆုတ်ခွာသွားနိုင်ပြီး စက်တင်ဘာလ ၂၆ ရက် နေ့မှ အောက်တိုဘာလ ၁ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသများမှဆုတ်ခွာသွားကာ ထိုအချိန်မှစ၍ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ အသိပေးထုတ်ပြန်ထားသည်။

ရာသီအလိုက်ပြောင်းလဲတိုက်ခတ်နေသောလေကို မုတ်သုံလေဟုခေါ်သည်။ မုတ်သုံလေသည် ကုန်းမြေနှင့်ပင်လယ်သမုဒ္ဒရာတို့ရှိ အပူချိန်မတူညီမှုကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည့် လေကြောင်းပြောင်းလဲမှုဖြစ်စဉ်တစ်ခုဖြစ်သည်ဟု မိုးလေဝသပညာရှင်များက သတ်မှတ်ကြသည်။ မုတ်သုံဝင်လျှင် မိုးရွာသွန်းပြီး မုတ်သုံထွက်လျှင် မိုးကုန်ပြီဟု ပြည်သူများကသိရှိထားကြသည်။ ယခုအနောက် တောင်မုတ်သုံလေ ဆုတ်ခွာသွားပြီဆိုသော်လည်း အပိုင်းလိုက်ဆုတ်ခွာသွားခြင်းဖြစ်၍ အောက်တိုဘာလဆန်းအထိ မြန်မာနိုင်ငံအောက်ဘက်သို့ရွေ့ဆင်း၍ မိုးရွာသွန်းနေဦးမည်ဖြစ်သည်။

မုတ်သုံလေသည် စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများသည့် လေစီးကြောင်းဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ မုတ်သုံလေဝင်ရောက်မှုနောက်ကျခြင်း၊ စောစီးစွာထွက်ခွာခြင်းကြောင့် မုတ်သုံရာသီတိုတောင်းလာသည်ဟု ဆိုရမည်ဖြစ်သည်။ ပုံမှန်ဖြစ်စဉ်တွင် မုတ်သုံသည် မေလ ၁၅ ရက်နေ့တွင် စတင်ဝင်ရောက်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့ရောက်မှ သာ ထွက်ခွာလေ့ရှိသည်။ ထို့ကြောင့် “သီတင်းကျွတ်မိုးရွာသွန်းဖြိုး” ဟု ဆိုကြသည်။ ယခုအခါမေလကုန်တွင် စတင်ဝင်ရောက်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဆုတ်ခွာကာ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်၍ မုတ်သုံတိုလာသည်ကို တွေ့နိုင်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေကြရသည်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အအေးလှိုင်းဖြတ်ခြင်း၊ အပူလှိုင်းဖြတ်ခြင်းစသည်တို့ကို ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်မုတ်သုံရာသီတွင် ပုံမှန်မိုးရွာသွန်းမှုရက် ၄၀ ခန့်် လျော့နည်းသွားသော်လည်း မိုးရေချိန်လက်မပြည့်အောင်ရရှိခဲ့သည်။ အခြားနိုင်ငံများတွင် ရေကြီးရေလျှံမှုကို ဆိုးဆိုးရွားရွားကြုံတွေ့ရသော်လည်း မြန်မာနိုင်ငံတွင် ယခုနှစ်မိုးရာသီ၌ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပေ။ စိုက်ပျိုးရေ၊ သောက်သုံးရေ လုံလောက်စွာရရှိသဖြင့် မုတ်သုံလွန်ကာလတွင် စိုက်ပျိုးရေး၊ ရေဖူလုံရေးကို ထိန်းသိမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။

မုတ်သုံလွန်ကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းများမှတစ်ဆင့် မုန်တိုင်းဖြစ်ပေါ်မှုများကိုလည်း သတိပြုရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များသည် ကျေးဇူးရှင်တောင်သူ လယ်သမားများအတွက် အကျိုးသက်ရောက်မှုများဖြစ်စေသည်။ မုတ်သုံရာသီ အပြောင်းအလဲအပေါ်မူတည်၍ မိုးသီးနှံစိုက်ပျိုးမှုများကို အဆုံးသတ်ကာ ဆောင်းသီးနှံစိုက်ပျိုးရေးကို စတင်ပြင်ဆင်ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မုတ်သုံရာသီကောင်းမွန်သည်ဟုဆိုသော်လည်း အချို့ဒေသများတွင် မိုးနည်းနေသည်ကိုလည်းတွေ့ရသည်။ ပုံမှန်မဟုတ်သည့် မိုးများခြင်း၊ မိုးနည်းခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပြောင်းလဲဖြစ်ပေါ်နေသော ရာသီဥတုဖြစ်စဉ်ကို စဉ်ဆက်မပြတ်လေ့လာပြီး ရာသီဥတုနှင့်ကိုက်ညီဆီလျော်မည့် သီးနှံပင်များကို ရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ပေသည်။ ယခုအခါအယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့နေရမည်ဖြစ်၍ မုတ်သုံလွန်ကာလတွင် ရေပြတ်လပ်မှုမရှိအောင် ပြင်ဆင်ထားရမည်ဖြစ်သည်။ စိုက်ခင်းအနီးတွင် တစ်ဖက်ပိတ်ဆည်ငယ်၊ ကန်ငယ်များကို ပလတ်စတစ်အခင်းခင်း၍ ရေကိုသိုလှောင်ကာ ရာသီတိုသီးနှံများစိုက်ပျိုးသင့်သည်။ အနိမ့်အမြင့် မညီညာသောနေရာများတွင် ကွန်တိုပြုလုပ်၍လည်းကောင်း၊ ထယ်ကြောင်းလိုင်း ဖော်၍လည်းကောင်း ရေအသုံးချမှုပြုလုပ်သင့်သည်။ သီးနှံကြွင်းများကို မြေဆွေးပြုလုပ်၍ စိုက်ခင်းတွင်ထည့်ပြီး အာဟာရနှင့်အစိုဓာတ်ကို ထိန်းနိုင်သည်။ ရေလိုအပ်မှုနည်းသော ပဲကဲ့သို့ သီးနှံများကိုစိုက်ပျိုးခြင်း၊ ဝါသီးနှံကိုပေါင်ငယ်ဖြင့် စိုက်ပျိုးခြင်းတို့ဖြင့် အကျိုးများအောင် ပြုလုပ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပုံမှန်ရာသီဥတုများ မရှိတော့သဖြင့် စိုက်ပျိုးသူတောင်သူများအနေဖြင့် မိုးလေဝသဖြစ်စဉ်များကို အစဉ်သတိပြု၍ နည်းပညာ၊ မျိုး၊ မြေ၊ ရေ၊ စိုက်ပျိုးစရိတ် ဖြည့်ဆည်းပေးမှုများကိုရယူပြီး မုတ်သုံအလွန်ကာလတွင် ရာသီဥတုနှင့်ကိုက်ညီမည့်သီးနှံပင်များကို စနစ်တကျစိုက်ပျိုးကြခြင်းဖြင့် အထွက်တိုးအောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြစေရန် အသိပေးအပ်ပါကြောင်း။  ။