တိုင်းပြည်တွင် ဆောင်ရွက်နေသောအရေးကိစ္စများသည် ပြည်သူအတွက် ဖြစ်ပြီး ပြည်သူအတွက် ဆောင်ရွက်နေသောကိစ္စများ သည်တိုင်းပြည်အတွက် ဖြစ်သည်။ တိုင်းပြည်နှင့်ပြည်သူ အတွက် ဆောင်ရွက်ရာတွင် ပြည်သူသည်သာ အဓိကဖြစ်ပြီး ပြည်သူလူထု တာဝန်သိသိပါဝင်လာခြင်း မရှိပါက တိုင်းပြည် အတွက်လည်းကောင်း၊ ပြည်သူအတွက်လည်းကောင်း ဆောင်ရွက်ချက် များမှာ အချည်းနှီးဖြစ်မည်။ ပြည်သူများသည် တိုင်းပြည်အကျိုးပြု ကိစ္စများတွင် တာဝန်သိစွာဖြင့် ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရာတွင် ပြည်သူများအနေဖြင့် တာဝန် သိစွာပါဝင်ဆောင်ရွက်ခြင်း ဆိုသည်မှာ ပြည်သူများအကျိုးငှာ ထုတ်ပြန် ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို လေးလေးစားစား လိုက်နာဆောင်ရွက်တတ်သည့် အလေ့အထဖြစ်သည်။ ယခုကဲ့သို့ တစ်ကမ္ဘာလုံး ကပ်ရောဂါဖြစ်ပွားနေသော ကာလဝယ် ပြည်သူများကျန်းမာရေးအတွက် လိုက်နာရန်ထုတ်ပြန် ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို တိတိ ကျကျလိုက်နာရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါသည်လူအများကြားတွင် မသိမြင်နိုင်ဘဲ ရက်အတန်ကြာ ပုန်းလျှိုးနိုင်သော ကိုယ်ပျောက် ရောဂါ ဖြစ်ပြီး မိမိဒေသတွင် ရောဂါဖြစ်ပွားမှုမရှိပါဟူ၍ ပေါ့ပေါ့ဆဆ လုံးဝ(လုံးဝ) မပြုလုပ်မိရန် လိုအပ်ပါသည်။ ။
ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း သက်ဆိုင်ရာတို့က ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် အချက် များကို ဆောင်ရွက်ရန် အသိပေးထားရာ လိုက်နာမှုအားနည်းသောကြောင့် မဖြစ်သင့်မဖြစ် ထိုက်သော အဖြစ်များ ဖြစ်ပွားခဲ့သည်ကို မြင်တွေ့ကြားသိရပြီးဖြစ်သည်။ ယခုရက်ပိုင်းတွင် ရောဂါ ကူးစက်မှုအရှိန်အဟုန်ဖြင့် နေ့စဉ်ဖြစ်ပေါ်နေသော ဒေသတစ်ခု၏အခြေ အနေကို သြဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် -
“ယခုအခါ စစ်တွေမှာ Covid ရောဂါတွေ့ရှိထားမှုများနေတာ ပြည်သူ များ သိပြီးထင်ပါတယ်။ ရောဂါရသူမည်သူမဆိုစိတ်မချမ်းမသာဘယ်လောက် ဖြစ်မယ်ဆိုတာ မှန်းဆနိုင်တာကြောင့် မပြော ချင်ပေမဲ့ ပြည်သူ သတိရှိနိုင်ရန် အတွက်ပြောပါရစေ။ ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အလည်အပတ် ခရီးထွက်ခဲ့တဲ့ဝန်ထမ်း ၃-၄ ဦးကတစ်ဆင့် covid ရောဂါ ပြန့်ပွားမှုကြောင့် ယခုစစ်တွေမှာ အိမ်တွင်းနေရန် ညွှန်ကြားချက်နဲ့ အခြား Covid ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ ထုတ်ပြန်ထားရပါပြီ။ ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် လူအင်အား၊ ငွေအင်အား အများအပြားထုတ်သုံးနေရပါပြီ။ ကျန်းမာရေးလောက်ကြီးမားတဲ့ လာဘ်လာဘမရှိပါဘူး။ ပြည်သူ တွေ သတိထားကြပါ။ ပြည်သူသာလျှင် အဓိကပါ” ဟု အသိပေးပြောကြားခဲ့သည်။
ပြီးခဲ့သည့်အပတ်က ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၆ ဦးသာရှိခဲ့သော်လည်း သြဂုတ်လ ၁၆ ရက်တွင် စစ်တွေမြို့၌ ပြည်တွင်း ခရီးသွားရာဇဝင်ရှိသူတွင် ရောဂါပိုးတွေ့ရှိရာမှ နေ့စဉ်ရောဂါပိုးရှိသူများ ၊ ပေါ်ထွက်လာရာ ယခုအခါ ရခိုင်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူ ၆၀ ကျော် ရှိလာပြီဖြစ်သည်။ ကုန်လွန်ခဲ့သောရက်များက ကိုဗစ်ရောဂါဆိုင်ရာ ချမှတ် ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်၍ ဒေသတွင်း အလည် အပတ်ခရီးထွက်ခဲ့ရာ တစ်ဦးမှအစ ရောဂါရှိသူနှင့် ထိတွေ့ခဲ့သူ အဆင့်ဆင့်မှ တစ်ဆင့် ရောဂါပြန့်ပွားလာခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အခြေအနေကောင်းများရှိသဖြင့် သွားလာလှုပ်ရှားမှုများကို ဖြေလျှော့ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်တွင်သာ မက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာမှု အားနည်းလာသည်ကို တွေ့ရမည် ဖြစ်သည်။ ယခု ရခိုင်ပြည်နယ် စစ်တွေမြို့ ဖြစ်စဉ်တွင် ပြည်သူတစ်ဦးတစ်ယောက် စည်းကမ်းမလိုက်နာမှုကြောင့် မြို့နယ်တစ်ခုလုံး ကန့်သတ်ပိတ်ဆို့မှု၊ မြို့နေပြည်သူများ စိုးရိမ်ပူပန်မှု၊ လူမှုစီးပွားအလုပ်အကိုင်များ ထိခိုက်မှုများနှင့် စတင်ကြုံတွေ့ လာရပြီဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူပြည်သားများအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားစဉ်က ချမှတ် ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ ကြပြီး နှစ်လ၊ သုံးလခန့် အောင့်အည်းသည်းခံနေခဲ့ ကြရာအခြေအနေကောင်း တစ်ခုသို့ရရှိပြီး ဖြေလျှော့မှုများ ရရှိလာခြင်းဖြစ်သည်။ ယခုဖြစ်စဉ်သည် အခြားမြို့နယ်များအတွက်လည်း သတိပေးခေါင်းလောင်းထိုးလိုက်ခြင်း ဖြစ်ရာ ပြည်သူများ အနေဖြင့် လုံးဝ(လုံးဝ) မပေါ့ကြပါနှင့်ဟု မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။