Skip to main content

ပြည်သူတို့၏ အသိဉာဏ်အားဖြင့် ကပ်ရောဂါဘေးကင်းဝေးရေး

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု အရှိန်မြင့်လာသည်နှင့်အမျှ မြန်မာနိုင်ငံမှ လူအပေါင်းကို အထူးပိုမို သတိထား နေထိုင်ကြရန်နှင့် လုံးဝမပေါ့ဆမိကြပါရန် နှိုးဆော်ရပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်ပသို့ သွားရောက်ခဲ့ခြင်းလည်းမရှိ၊ ကိုဗစ်ရောဂါ အတည်ပြုလူနာများနှင့်လည်း ထိတွေ့မှုမရှိသည့် ပြည်တွင်းကူးစက်မှု လူနာတစ်ဦးကို ၂ဝ၂ဝ ပြည့်နှစ် ဩဂုတ်လ ၁၆ ရက်နေ့က ဓာတ်ခွဲတွေ့ရှိခဲ့ပါသည်။ ထိုနေ့မှစ၍ ယနေ့အချိန်ထိ ၇ရက်ကာလအတွင်း ထပ်တိုးအတည်ပြုလူနာဦးရေ ၆၀ ကျော် ရှိသွားခဲ့ပြီ ဖြစ်ပါသည်။

လွန်ခဲ့သောရက်များက တဖြည်းဖြည်းချင်း ကူးစက်မှုလျော့ကျလာကာ ထိန်းချုပ်နိုင်မှုမြင့်တက် နေခဲ့ရာမှ ယခုကဲ့သို့ မြန်ဆန်သော ကူးစက်မှုဖြစ်လာသည်ကို အားလုံးသတိဖြင့် တုံ့ပြန်ကြရန် လိုပါသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ ဇီဝမျိုးဗီဇပြောင်းလဲမှု ရှိနေသည်ကိုလည်း သုတေသနများက ဖော်ပြနေသည်ဖြစ်သောကြောင့် ပို၍ အနေအထိုင်အသွားအလာ ဆင်ခြင်ကြရန် လိုပါသည်။

ယနေ့အချိန်ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုကြေညာနိုင်သည့် ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး၊ ကုသဆေးတို့ မရှိသေးသည်ကိုလည်း မမေ့လျော့ကြဖို့ လိုပါသည်။

တစ်ကမ္ဘာလုံးတွင် ဓာတ်ခွဲစစ်ဆေးအတည်ပြုလူနာသန်း ၂၀ကျော်ရှိပြီး သေဆုံးသူဦးရေ ရှစ်သိန်းကျော်ရှိနေသည့် အနေအထားကိုကြည့်လျှင် ကိုဗစ်ကပ်ရောဂါ၏ အန္တရာယ်ကို မြန်မာနိုင်ငံပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆသဘောထား၍ မရနိုင်ပါ။ လွန်လွန်ကဲကဲ အစိုးရိမ်ကြီးနေ၊ အပူအပန်ကြီးနေဖို့ မလိုအပ်သော်လည်း ပေါ့ပေါ့တန်တန်နေရန်ကား လုံးဝမဖြစ်နိုင် ပါချေ။

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါသည် မြန်မာနိုင်ငံကဲ့သို့သော အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့် နိုင်ငံအဖို့ များစွာသော စိန်ခေါ်ချက်များဖြင့် ရင်ဆိုင်ကျော်လွှားရပါသည်။ စိန်ခေါ်မှုများပြားသည်ဆိုသော်လည်း ပြည်သူတို့၏ အားတက်သရော ပူးပေါင်းပါဝင်ကူညီမှုက များစွာတာသွားသည်ဟု ဆိုရပါမည်။ ယခုကဲ့သို့သော တစ်နိုင်ငံလုံးဆိုင်ရာ အရေးများတွင် ပြည်သူလူထုအစိတ်အပိုင်းအသီးသီးက သူ့နေရာနှင့်သူ ပူးပေါင်းပါဝင်ကြမှုက အခရာကျပါသည်။ ထို့ကြောင့်လည်း ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်အမျိုးမျိုးကို မြန်မာနိုင်ငံက တောင့်ခံနိုင်ခဲ့သည်ဟု ထင်မြင်ပါသည်။ ပြည်သူလူထု၏ အသိဉာဏ်မြင့်မားစွာ ပူးပေါင်းပါဝင်မှုကြောင့်ဟု ဆိုရပါမည်။ ယင်းတွင် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ အခါအားလျော်စွာ ထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို ပြည်သူလူထုက အသိဉာဏ်ပညာဖြင့် နားလည်လေးစားကြခြင်း၊ ရောဂါကာကွယ်ရေး အခြေခံဆောင်ရန် ရှောင်ရန်များကို လိုက်နာခြင်းတို့က အဓိကအကျဆုံး လူထုပါဝင်ဆောင်ရွက်မှု ဖြစ်ပါသည်။

ယနေ့ကာလတွင် ရောဂါစတင်ဝင်ရောက်လာစဉ်က ကဲ့သို့ပင် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို ပြည်သူတို့ ဆက်လက်လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။

ကိုဗစ်ဗိုင်းရပ်စ်ကာကွယ်ရေး၏ အခြေခံများဖြစ်သော လူစုလူဝေးမပြုလုပ်ခြင်း၊ တတ်နိုင်သမျှ အိမ်တွင်းနေခြင်း၊ အပြင်သို့ မဖြစ်မနေထွက်ရမည်ဆိုလျှင် မျက်နှာဖုံး နှာခေါင်းစည်းတို့ကို ဝတ်ဆင်ခြင်း၊ လူချင်း (အနည်းဆုံး ၆ ပေခန့်) ခပ်ခွာခွာနေကြခြင်း၊ လက်ကို စနစ်တကျဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောခြင်း စသည်တို့ဖြင့် ကပ်ရောဂါဘေးက ကင်းဝေးသည့် မိသားစုများဖြစ်အောင် အားထုတ်နိုင်ကြပါစေသတည်း။     ။