လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ၎င်းတို့၏ အနာဂတ်ဘဝတစ်လျှောက်တွင် လူတစ်လုံးသူတစ်လုံး ရပ်တည်ရှင်သန်နိုင်စေရန်နှင့် နိုင်ငံအတွက်လည်း သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာစေရန် လိုအပ်သော အရည်အသွေး၊ အရည်အချင်းများ ဖြည့်ဆည်းပေးနိုင်ရေးပင်ဖြစ်သည်။ ဗလငါးတန်ဟုဆိုရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူ၍ အစဉ်အလာသိမှတ်ခဲ့ကြသည့် ဗလငါးတန်သာမက မျက်မှောက်ခေတ် ၂၁ ရာစု ဗလငါးတန် ဟုဆိုရမည့် IQ : Intelligence Quotient ခေါ် ဉာဏ်ရည် ဉာဏ်သွေး၊ EQ : Emotional Quotient ခေါ် စိတ်နှလုံးခံစားမှု အရည်အသွေး၊ CQ : Culture Quotient ခေါ် မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို နားလည်လက်ခံနိုင်သည့် အရည်အသွေး၊ SQ : Spiritual Quotient ခေါ် ဘဝရှင်သန် နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့် အရည်အသွေး၊ PQ : Physical Quotient ခေါ် ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အရည်အသွေးတို့ကို ဖြည့်ဆည်းနိုင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ စာဖတ်ခြင်းပင်ဖြစ်သည်။
ကျောင်းသူ ကျောင်းသား လူငယ်များ စာကောင်းပေမွန်များကို ပိုမိုဖတ်ရှုလာကြစေရန်အတွက် နိုင်ငံတော်က လူငယ်နှင့်စာပေအနုပညာပွဲတော်များကို ကျင်းပပေးလျက်ရှိရာ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင် လာမည့် ဒီဇင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲသည် လူငယ်ကဏ္ဍကို အလေးထားပြီး ယခုနှစ်စာပေအနုပညာပွဲတော်ကျင်းပရာ၌ ၎င်း၏လမ်းညွှန်ချက်အရ တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများ လေ့လာနိုင်သည့် ပြခန်း၊ ပြကွက်များ ပါဝင်အောင် ဆောင်ရွက်သွားရန်နှင့် ဖျော်ဖြေမှုနှင့်အတူ စိတ်ဝင်စားဖွယ် အစီအစဉ်များ ဖန်တီးဖော်ဆောင်သွားရန်လည်း ဆောင်ရွက်လျက်ရှိသည်။ ပွဲတော်သုံးရက်ကျင်းပရာတွင် ဝန်ကြီးဌာန ၁၃ ခု၏ ပြခန်းပြကွက်များ၊ တိုင်းရင်းသားရိုးရာ အစားအစာ ခင်းကျင်းရောင်းချသည့် အစီအစဉ်များလည်း ထည့်သွင်းမည်ဟု သိရသည်။
လူငယ်နှင့်စာပေအနုပညာပွဲတော်ကျင်းပခြင်း၏ ရည်ရွယ်ချက်များတွင် လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရေးအတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် လူငယ်များ စာပေနှင့်ရင်းနှီးပြီး စာပေ၏ အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့် အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်ဟူသော အချက်များပါရှိရာ အဆိုပါရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်စေရန်၊ စာပေနှင့်အနုပညာပွဲတော်၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရများ ပေါ်လွင်ထင်ရှားစေရန် ကြိုးပမ်းအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။
စာဖတ်ခြင်းသည် စာဖတ်သူအတွက် အသိပညာကျယ်ပြန့်စေရုံသာမက စိတ်နှလုံးကိုလည်း သိမ်မွေ့စေသည်။ တွေးတောဆင်ခြင်နိုင်သည့် စွမ်းရည်ကို မြင့်မားစေနိုင်သည်နှင့်အမျှ ကောင်းမှုနှင့်မကောင်းမှု၊ အမှန်နှင့်အမှားတို့ကို ခွဲခြားသိမြင်နိုင်စေသည်။ စာဖတ်ခြင်းက ဗဟုသုတကြွယ်ဝစေရုံသာမက စကားလုံးဝေါဟာရများကိုလည်းတိုးပွားစေရာ စာများများဖတ်သူသည် စကားပြောရာတွင်လည်း လိမ္မာပြေပြစ်စွာ၊ ပညာသားပါပါ၊ ချိုချိုသာသာ ပြောနိုင်စွမ်းရှိကြသည်။ လူငယ်ဘဝတွင် စာဖတ်ခြင်း အလေ့အကျင့်ကောင်းကို စွဲမြဲစွာရရှိသွားပါက ကျန်သည့်အရွယ်သုံးပါး ဘဝတစ်လျှောက်လုံးတွင် တစိုက်မတ်မတ် စာဖတ်သွားကြမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ စာပေကို တန်ဖိုးထားဖတ်ရှုလာကြစေရေး၊ စာပေဖတ်ရှုခြင်းမှတစ်ဆင့် တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ရေး၊ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ် ကြစေရေးအတွက် လူငယ်ကျောင်းသား ကျောင်းသူများအား စာအုပ်စာပေများနှင့် ရင်းရင်းနှီးနှီး ထိတွေ့စေရေး၊ စာအုပ်စာပေများကို စိတ်ပါဝင်စားဖတ်ရှုကြစေရေး ကြိုးပမ်းဆောင်ရွက်ကြ ရပါမည့်အကြောင်း။ ။