ရန်ကုန် နိုဝင်ဘာ ၂၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပခဲ့သော (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် တရုတ်နိုင်ငံ ကျင်ဒါမြို့တွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို နို၀င်ဘာ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ အင်ယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဥပဒေချုပ် ဦးဌေးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ လှေလှော်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနက (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် တတိယ (ကြေးတံဆိပ်) ဆုများရရှိခဲ့သည့် ရိုးရာလှေအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့အား ဂုဏ်ပြုဆုငွေကျပ်သိန်း ၁၀၀ စီကိုလည်းကောင်း၊ JEWELLERY LUCK GROUP Co.,Ltd က (၁၉)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် အားကစားသမားများအတွက် ဂုဏ်ပြုဆုငွေနှင့်ဧည့်ခံ ကျွေးမွေးစရိတ် ငွေကျပ်သိန်း ၁၅၀ ကိုလည်းကောင်း၊ ဧဒင်ဂရုကုမ္ပဏီက ကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြု ဆုငွေကျပ် ၁၆၅ သိန်းကိုလည်းကောင်း၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ Mr. Lai Xue Jun က ဂုဏ်ပြုဆု ငွေကျပ် သိန်း ၅၀ ကိုလည်းကောင်း။
မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေသိမ်းက ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ကိုလည်းကောင်း၊ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး အသင်းအုပ်ချုပ် သူနည်းပြများအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ 2023 Asian Rowing Master Coastal Regatta ပြိုင်ပွဲတွင် ရွှေတံဆိပ် သုံးဆုရရှိခဲ့သည့် အားကစားသမားနှစ်ဦးအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀ နှင့် အသင်းနည်းပြ အုပ်ချုပ်သူတို့အား ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ လှေလှော်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး အောင်ပွဲရကစား သမားများကိုယ်စား ကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အာကာလင်း
