Skip to main content

ပြည်ပဈေးကွက်အထိ ထိုးဖောက်အောင်မြင်နေသည့် (555) အမှတ်တံဆိပ်ဆေးတံနှင့် သစ်သားပန်းပုလုပ်ငန်း

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် MSME စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် One Region One Product (OROP) ဒေသတစ်ခုထုတ်ကုန်တစ်ခုအစီအစဉ်သည် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းမှုအတွက် ခိုင်မာဖြစ်ထွန်းလျက်ရှိသည်။

မွန်ပြည်နယ်တွင် ဒေသတစ်ခုထုတ်ကုန်တစ်ခုလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသော ယခင်ကပြည်ပဈေးကွက်အထိ ထိုးဖောက်အောင်မြင်ပြီး Made in Ywalut မြန်မာပြည်တွင် ထုတ်လုပ်သည်ဟု အင်္ဂလိပ်ခေတ်ကတည်းက နာမည်ကြီးခဲ့သည့် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာရှိ (555) အမှတ်တံဆိပ်ဆေးတံနှင့် သစ်သားပန်းပုလုပ်ငန်းရှင် ဦးမန်းငွေဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

မေး။ ။ ဆေးတံလုပ်ငန်းကို စတင်လုပ်ကိုင်ဖြစ်ပုံလေးကို ရှင်းပြပေးပါ။

ဖြေ။ ။ ဆေးတံလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ကိုလိုနီခေတ်ကတည်းက အဘိုးဖြစ်သူ ဆရာကြီးဦးညွန့်က ဆေးတံကိုစွန့်ဦးတီထွင် လုပ်ကိုင်ခဲ့ပါတယ်။ အခုဆိုရင်နှစ်ပေါင်း ၅၀ ကျော်ရှိပြီဖြစ်ပါတယ်။ ကိုလိုနီအင်္ဂလိပ်လက်ထက်က မော်လမြိုင်မြို့ မိုင်ဒါကွင်းမွန်ယဉ်ကျေးမှုပြပွဲ၊ ပြိုင်ပွဲမှာအဘိုးဖြစ်သူ တီထွင်ထားတဲ့ဆေးတံကို သွားရောက်ပြသခဲ့ရာမှာ ပထမဆုဂုဏ်ထူးဆောင်လက်မှတ်ရရှိခဲ့ပါတယ်။ ပြပွဲ၊ ပြိုင်ပွဲတွေ လှည့်လည်ကြည့်ရှုရင်း စာပေပြခန်းတစ်ခုက “မြန်မာ့အကျိုးစီးပွား” (ပ၊ဒု)အတွဲမှာတွေ့ရှိတဲ့ စာရေးသူ(သုံးဆယ်)မြို့က ဆရာမဒေါ်ဖွားရှင် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာပြန်ဆိုထားတဲ့ ဖိုင်ဘာပြုလုပ် နည်းပညာအတိုင်းဆောင်ရွက်ပြီး ဆေးတံကို အသုံးပြုတဲ့ဖိုင်ဘာကို အောင်မြင်စွာဖန်တီးခဲ့ပါတယ်။ အဲဒီကတစ်ဆင့် ရွာလွတ်ကျေးရွာက လူတော်တော်များများ ဆေးတံလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းလုပ်ကိုင်လာကြတာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီဖြစ်ပါတယ်။ အဘိုးလက်ထက်ကနေ အဖေ၊ အဖေလက်ထက်မှ ကျွန်တော်တို့လက်ထက်အထိ အထက်မြန်မာပြည် အောက်မြန်မာပြည်ပြပွဲတွေ၊ အာဆီယံ ၁၀ နိုင်ငံပြပွဲ၊ ပြိုင်ပွဲတွေနဲ့ အခုပြည်နယ်အစိုးရအဖွဲ့ကဆောင်ရွက်တဲ့ ကုန်စည်ပြပွဲတွေမှာ လိုက်လံပြသတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

မေး။ ။ ကုန်ကြမ်းအနေနဲ့ ဘယ်လိုသစ်အမျိုး အစားကို အသုံးပြုရပါသလဲ။ ဘယ်လိုဝယ်ယူရပါသလဲ။

ဖြေ။ ။ ဒေသထွက်သုံးတဲ့ သစ်ကတော့ ပိတောက်၊ ကျွန်း၊ ပင်လယ်အုန်း၊  ရင်ခတ်သား၊ ရင်တိုက်သား၊ ပျဉ်းမနဲ့ ကြခတ်သစ် အမျိုးအစားကိုအသုံးပြုပါတယ်။ အရင်ကတော့ လွယ်ကူစွာဝယ်ယူနိုင်ပေမယ့် အခုအချိန်မှာ ပိဿာ ချိန်နဲ့ဝယ်ယူရပါတယ်။ တစ်ပိဿာကို ငါးထောင်၊ ခြောက်ထောင်ခန့်ရှိပါတယ်။

မေး ။ ။ ဆေးတံအပြင် သစ်သားပန်းပုပစ္စည်း အမျိုးပေါင်း ဘယ်နှမျိုးထုတ်လုပ်ပါသလဲ။

ဖြေ။ ။အရင်ကဆေးတံတစ်မျိုးပဲ ဆောင်ရွက်တာပါ။ ဟိုတုန်းကတော့ ဆေးတံသောက်သုံးသူတွေက လူတစ်ဦးစီမှာ ဆေးတံနှစ်အိုးလောက်ဆောင်ထားပြီး တစ်အိုးပူလာရင် တစ်အိုးလဲလှယ်သောက်ကြတဲ့အတွက် ဆေးတံတွေရောင်းအားကောင်းပါတယ်။ အခုအခါ ဆေးတံသောက်သုံးသူက မရှိသလောက်နည်းပါးနေပြီဖြစ်တဲ့အတွက် ဆေးတံရောင်းအားကျလာပါတယ်။ ဒါကြောင့် ဘိုးဘွားတွေရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ ဆေးတံလုပ်ငန်းမပျောက်ပျက်ဘဲ လက်မှုပညာကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ လုပ်ငန်းတွေလည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အဲဒီလို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ဆေးတံကို လက်ဆောင်ပစ္စည်းအနေနဲ့ ထုတ်လုပ်ရောင်းချဖို့အတွက် အရည်အသွေးကိုအဓိကထားပြီး ပြည်ပဈေးကွက်ရရှိဖို့ တီထွင်ဆန်းသစ်မှုတွေထုတ်လုပ်ရပါတယ်။ ဆေးတံအပြင် အခြားသစ်သား ပန်းပုပစ္စည်းအမျိုးအစား ၅၀ ကျော်ခန့် ထုတ်လုပ်ပါတယ်။ အိမ်မှာနေပြီး မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိပါတယ်။ ပစ္စည်းမှာယူမှုတွေများလာရင် အလုပ်သမားငှားပြီး လုပ်ကိုင်ရပါတယ်။ အခုအိမ်အလှဆင်တဲ့ပွတ်လုံးတွေ မှာယူကြတဲ့အတွက် ဆောင်ရွက်ရပါတယ်။

မေး။ ။ ဆေးတံနဲ့ သစ်သားပန်းပုလုပ်ငန်း ဖြန့်ချိမှုလည်းသိပါရစေ။

ဖြေ။ ။အိမ်ဆိုင်ဖွင့်ပြီးရောင်းချတာ၊ အွန်လိုင်းကတစ်ဆင့် ရောင်းချတာ၊ မော်လမြိုင်နဲ့ ရန်ကုန်ကမှာယူရင် ပေးပို့ရတာတွေရှိပါတယ်။ နိုင်ငံခြားကို ကိုယ်တိုင်ပို့တာမျိုးမဟုတ်ဘဲ ရန်ကုန် သိမ်ဖြူလမ်းကတစ်ဆင့် ဝယ်ယူတာ၊ ထပ်ဆင့်ပို့တာမျိုးရှိပါတယ်။ ပြည်နယ်အစိုးရက ဆောင်ရွက်တဲ့ ကုန်စည်ပြပွဲနဲ့ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော်တွေမှာ ပြသရောင်းချတာတွေရှိပါတယ်။ ရွာလွတ်ကျေးရွာမှာ စက်မှုလက်မှုလုပ်ငန်းထွန်းကားတာ၊ ဆေးတံလုပ်ငန်းဆောင်ရွက်တာတွေကြောင့် နိုင်ငံခြားသားတွေ လည်ပတ်လေ့လာစရာနေရာ တစ်ခုဖြစ်လို့ လာရောက်လေ့လာရင်း အိမ်မှာလာဝယ်တဲ့ နိုင်ငံခြားဧည့်သည်တွေလည်း ရှိပါတယ်။ အခုလုပ်ငန်းနဲ့ပဲ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိပါတယ်။

မေး။ ။ သစ်သားပန်းပုတွေကို ဘယ်လိုရောင်းရပါသလဲ၊ ဆေးတံဈေးနှုန်းတွေက ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ ထုတ်လုပ်မှုလက်ရာနဲ့ ကနုတ်အပေါ်မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိရှိပါတယ်။ ဒဿဂီရိဘီလူးခေါင်း ဆေးတံမျိုးကတော့ ဒေါ်လာ ၁၈၀ လောက်တန်ဖိုးရှိပါတယ်။ မြန်မာငွေလေးသိန်းတန်ရှိပါတယ်။ အထင်ကရ ခေါင်းဆောင်ပုံစံ၊ လီနင်ပုံ၊ အိုဘားမားပုံ၊ နဂါးပုံစတဲ့ ဆေးတံမျိုးကို အချောင်း ၃၀ ခန့် ထုတ်လုပ်ရောင်းချခဲ့ရပါတယ်။ ဒဿဂီရိဘီလူး ခေါင်းဆေးတံတစ်ချောင်း ထုတ်လုပ်ရင် ၁၅ ရက် ခန့် ကြာတတ်ပါတယ်။

မေး။ ။ ရွာလွတ်ကျေးရွာမှာ ဆေးတံနဲ့ သစ်သားပန်းပုလုပ်ကိုင်သူ ဘယ်နှဦးရှိပါသလဲ၊ အခြားဘာလုပ်ငန်းတွေလုပ်ကိုင်ကြပါသလဲ၊ နိုင်ငံတော်ရဲ့ ချေးငွေရတာမျိုးရောရှိပါသလား။

ဖြေ။ ။ ရွာလွတ်ကျေးရွာမှာ အရင်ကတည်းက စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ကြတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ ဆေးတံနဲ့သစ်သား ပန်းပုလုပ်ကိုင်သူ ခြောက်ဦးခန့်ရှိပါတယ်။ အခြားလုပ်ငန်းအနေနဲ့ ရော်ဘာလုပ်ငန်း၊ ကားဘရိတ်ရှူးလုပ်ငန်း၊ သားရေကွင်းလုပ်ငန်းနဲ့ ပူဖောင်းလုပ်ငန်းတွေလုပ်ကိုင်ကြပါတယ်။ ကျေးရွာမှာ MSME Member Card ရှိတဲ့လုပ်ငန်းရှင်များစွာရှိပြီး ချေးငွေရယူပြီးဆောင်ရွက်တဲ့သူလည်း ရှိပါတယ်။ ကျွန်တော်ကတော့ အုပ်စုဖွဲ့ပြီး ချေးငွေယူရတဲ့စနစ်ကြောင့် ချေးငွေရယူထားတာမျိုးမရှိပါဘူး။

မေး။ ။အခြားပြောချင်တာများ ရှိပါသေးသလား။

ဖြေ။ ။ ကျွန်တော့်အနေနဲ့ ဆေးတံနဲ့ သစ်သားပန်းပုလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ကိုယ့်ကျေးရွာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံဂုဏ်ရှိအောင် ထိန်းသိမ်းဆောင်ရွက်ရင်း တစ်ချိန်က အဘိုးဖြစ်သူဆေးတံဖခင်ကြီးဦးညွန့်ရဲ့ Made in Ywalut အမှတ်တံဆိပ် logo ကို အခုခေတ်အမြင်နဲ့ ဆန်းသစ်တီထွင်ဆောင်ရွက်ပြီး ကျွန်တော့်ရဲ့ သားနှစ်ဦးကိုလည်း လက်ဆင့်ကမ်းအမွေအဖြစ်အခုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမှာပါလို့ ပြောချင်ပါတယ်။

မွန်ပြည်နယ်တွင် နိုင်ငံတော်၏ ချေးငွေရယူလို သောစက်မှုလုပ်ငန်းရှင်များ MSME စီးပွားရေး လုပ်ငန်းရှင်များ MSME အသင်းဝင်ကတ်လျှောက်ထားပြီး MSME အသင်းဝင်ကြရန် အသင်းဝင်ကတ်မိတ္တူများဖြင့် မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားနိုင်ပါသည်။ သို့မှလည်း နိုင်ငံတော်၏ ထောက်ပံ့ငွေရရှိကြမည်ဖြစ်ပါသည်။

ပြည်နယ်အတွင်း ပြည်သူလူထု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် “နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ” ထူထောင်ဆောင်ရွက်လျက်ရှိရာ ငွေကျပ်ရှစ်ဘီလီယံအား မွန်ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိကြောင်း MSME စီးပွားရေးလုပ်ငန်းရှင်များအား သတင်းစကားပါးလိုက်ပါသည်။       ။

တွေ့ဆုံမေးမြန်း - နှင်းဆီနွယ်၊ ဓာတ်ပုံ - သူရအောင်