နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့သည် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်သည်။ အိတ်ချ်အိုင်ဗွီပိုး ကြောင့်ဖြစ်ပွားသည့် အေအိုင်ဒီအက်စ်ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် သတိပြုမိကြစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပရာတွင် မြန်မာနိုင်ငံသည်လည်း အိတ်ချ်အိုင် ဗွီ/အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသွားသူများကို သတိတရရှိကြစေရန်၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာ ရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိတ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိသည်။
အေအိုင်ဒီအက်စ်ရောဂါကို ၁၉၈၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင်တွေ့ရှိခဲ့ပြီး ဥရောပ၊ အာဖရိက၊ အာရှနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ရာနောက် ၁၀ နှစ်အကြာ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အေအိုင်ဒီအက်စ် ရောဂါရှင်တစ်ဦးကို စတင်တွေ့ရှိလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံတစ်ဝန်း အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရသူဦးရေ ၂၄၁၆၆၂ ဦးရှိရာ ရောဂါဖြစ်ပွားမှုနှုန်း ၀ ဒသမ ၅၇ ရာခိုင်နှုန်း ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ၂၀၂၁ ခုနှစ် အကုန်တွင် လူဦးရေ ၂၇၀၀၀၀ ကျော် အိတ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသည့်အတွက် ရောဂါဖြစ်ပွားနှုန်းမှာ ၀ ဒသမ ၆၄ ရာခိုင်နှုန်းဖြစ်လာ သည်။ ရောဂါအသစ်ကူးစက်ခံရမှုသည် ၂၀၀၀ ပြည့်နှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ရောဂါပိုးအသစ်ကူးစက်ခံရသူ ၃၀၀၀၀ ခန့် ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၁၀၀၀ ခန့်သို့ ကျဆင်းလာခဲ့သည်။ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားနှုန်းအမြင့်ဆုံးဖြစ်သည်ဟု သိရသည်။
အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ရာတွင် ရောဂါပိုးပါဝင်သည့်သွေးနှင့် ခန္ဓာကိုယ်တွင်းမှအရည်များ မိမိထံဝင်ရောက်ခြင်းမှ ကူးစက်နိုင်ခြင်းဖြစ်ရာ ရောဂါပိုးရှိသူနှင့် လိင်တူလိင်ကွဲ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးပါသည့်သွေးသွင်းမိခြင်း၊ ရောဂါပိုးရှိသူ သုံးစွဲထားသည့်ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်တို့ကို ပိုးမသတ်ဘဲ နောက်တစ်ယောက်တွင် သုံးစွဲခြင်း၊ ရောဂါပိုးရှိသူမိခင်မှ သန္ဓေသားကိုကူးစက်ခြင်း စသည့်နည်းလမ်းများဖြင့် ကူးစက်နိုင်သည်။ သို့ဖြစ်ရာ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ ပိုးမသတ်ထားသည့်ဆေးထိုးအပ်များဖြင့် ဆေးထိုးခြင်းတို့ကို သတိပြုဆင်ခြင်ကြရန်လိုသည်။ အိတ်ချ်အိုင်ဗွီပိုးရှိမရှိ လူတစ်ယောက်၏ အပေါ်ယံလက္ခဏာသွင်ပြင်ကိုကြည့်၍ မပြောနိုင်။ ရောဂါပိုးရှိသူများစွာတို့မှာ ပုံမှန်ကျန်းမာနေသူများအဖြစ် ထင်မြင်ရပြီး နှစ်ပေါင်းများစွာ ရောဂါလက္ခဏာမပြဘဲလည်း ရှိနေနိုင်သည်ဟုဆိုသည်။ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်မှာ အထက်ဖော်ပြပါအန္တရာယ်ရှိသော အပြုအမူများကို ဂရုပြုရှောင်ကြဉ် ကြရန်လိုသည်။
အိတ်ချ်အိုင်ဗွီပိုးကို ပျောက်ကင်းအောင် ကုသသောဆေးမရှိသေးသည်ဖြစ်ရာ ရောဂါပိုးမဝင်အောင် မိမိကိုယ်ကို ကာကွယ်ခြင်း၊ စောစီးစွာသွေးဖောက်စစ်ဆေးပြီး ရောဂါဖော်ထုတ်ခြင်းနှင့် ကုသမှုကိုရရှိရန် ထိရောက်စွာတိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် အိတ်ချ်အိုင်ဗွီပိုးကို ထိန်းချုပ်ရန် ပညာရှင်များက သတိပေးထားသည်။ အိတ်ချ်အိုင်ဗွီပိုးကို ဟန့်တားနိုင်သည့် ART ဆေးကို အသုံးပြုနိုင်ပြီဖြစ်ပြီး ဆေးကိုဆရာဝန်များ၏ ညွှန်ကြားချက်နှင့်အညီ စနစ်တကျဂရုတစိုက်သောက်သုံးခြင်းဖြင့် သက်တမ်းစေ့နေနိုင်သည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ရာ အန္တရာယ်များသည့် အပြုအမူများဖြစ်သော လိင်မှုကိစ္စပွေရှုပ်ခြင်း၊ မူးယစ်ဆေးထိုးသွင်းခြင်း စသည်တို့ကိုရှောင်ကြဉ်ခြင်း၊ ကျန်းမာရေးအသိ ပညာပေးမှုများကို အလေးထားလိုက်နာခြင်းဖြင့် အိတ်ချ်အိုင်ဗွီ ကူးစက်မှုကင်းဝေးသည့်လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာနိုင်ပါစေကြောင်း။ ။