မြန်မာစာသည် မြန်မာလူမျိုးတို့၏ အသက်ဝိညာဉ်ဖြစ်သည်။ စာပေယဉ်ကျေးမှုမရှိသောလူမျိုးသည် အသက်ဝိညာဉ်ကင်းမဲ့သော ရုပ်ကိုယ်ခန္ဓာနှင့်တူသည်။ စာပေယဉ်ကျေးမှု ထွန်းကားသောလူမျိုးသည် ကမ္ဘာပေါ်တွင် တင့်တောင့်တင့်တယ် နေထိုင်နိုင်သော လူမျိုးအဖြစ် ရပ်တည်နေနိုင်ကြောင်း တွေ့ရသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသည်လည်းကောင်း စာပေယဉ်ကျေးမှု ထွန်းကားစည်ပင်နေစေရန် အစဉ်ကြိုးပမ်း ဆောင်ရွက်နေကြသည်။
မြန်မာစာပေသည် လွန်ခဲ့သောနှစ်ပေါင်း ၉၀၀ ကျော်ကာလ ပုဂံခေတ်ကတည်းက စတင်ခဲ့သည်။ မြစေတီကျောက်စာသည် မြန်မာစာပေသမိုင်းတွင် ရှေးအကျဆုံးသော မြန်မာစာပေအဖြစ် မှတ်တမ်းတင်ထားသည်။ ပုဂံခေတ်တွင်ပင် စကားပြေ အရေးအသားအဆင့်အတန်း တစ်စတစ်စမြင့်မားလာခဲ့သည်။ ကာချင်း၊ ရတုများကို ပင်းယခေတ်တွင် စတင်ဖွဲ့သီရေးသားလာသည်။ အင်းဝခေတ်တွင် ပျို့၊ ကဗျာ၊ လင်္ကာ၊ ဧချင်း၊ မော်ကွန်း၊ ရတု၊ မေတ္တာစာစသည့် ဖွဲ့သီမှုတို့ ပေါ်ထွန်းလာသည်။ ထိုမှစ၍ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်မှသည် ကိုလိုနီ၊ စစ်အတွင်း၊ လွတ်လပ်ပြီးခေတ်ကာလတစ်လျှောက် မြန်မာစာပေသည် မှေးမှိန်သွားခြင်းမရှိဘဲ အစဉ်အဆက် ထွန်းလင်းတောက်ပလာခဲ့သည်။
ခေတ်အဆက်ဆက် စာဆိုတော်များ၏ စွမ်းပကားများသည် မြန်မာနိုင်ငံ သမိုင်းကြောင်းတစ်လျှောက်တွင် စစ်မှန်သည့်ခွန်အားများ ဖြစ်စေခဲ့သည်။ စာဆိုတော်များသည် အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ဆင်ခြင်တုံဉာဏ်အား မြင့်မားလာစေရန်၊ တိုင်းချစ်ပြည်ချစ်စိတ် တိုးပွားလာစေရန်၊ ဇာတိသွေး ဇာတိမာန် ထက်သန်လာစေရန်၊ မြန်မာစာပေကို ချစ်မြတ်နိုးတတ်စေရန်၊ လောကဓံကို ကြံ့ကြံ့ခံနိုင်စေရန် စာပေစွမ်းပကားဖြင့် ဖြည့်ဆည်းပေးခဲ့သည်။
“စာပေသည် လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ကြောင်း၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံဖြစ်ပါကြောင်း၊ စာအုပ်စာပေများသည် လူ့မိတ်ဆွေများဖြစ်ကြပြီး စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ပါကြောင်း၊ စာပေသည် နိုင်ငံ၏ယဉ်ကျေးမှု အဆင့်အတန်းနှင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးပါကြောင်း၊ ‘ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်’ဆိုသည့် သတိပေးဆိုရိုးစကားအတိုင်း လိုက်နာပြီး ယဉ်ကျေးမှုမပျောက်ပျက်အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်” ကို ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိပေးပြောကြားခဲ့သည်။
မြန်မာစာပေယဉ်ကျေးမှု ထွန်းလင်းတောက်ပြောင်ပြီး တည်တံ့ထွန်းကားနေစေရန်နှင့် နိုင်ငံနှင့်လူမျိုးကို အကျိုးပြုနိုင်စေရန်အတွက် စာပေပညာရှင်ကြီးငယ်များက ကောင်းမွန်သောစေတနာများဖြင့် အစဉ်ပြုစု ရေးသားထုတ်ဝေလျက်ရှိသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ခေတ်အမြင်၊ ခေတ်အတွေး မည်သို့ပင် ပြောင်းလဲတိုးတက်လာသည်ဖြစ်သော်လည်း မြန်မာစာပေကို ပစ်ပယ်မထားဘဲ စာပေကို မြတ်နိုးတန်ဖိုးထားကြမှသာ မြန်မာစာပေသည် မတိမ်မြုပ်ဘဲ ထွန်းလင်းတောက်ပကာ နိုင်ငံနှင့် လူမျိုးကိုအကျိုးပြုပြီး နိုင်ငံတော်တည်တံ့ခိုင်မြဲ သာယာဝပြောမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက စာပေပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုနှင့် ထူးချွန်ပြောင်မြောက်မှုကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်လျက် ရှိသည့်နည်းတူ နိုင်ငံသူ နိုင်ငံသားများကလည်း မြန်မာစာပေကို တန်ဖိုးထား လေ့လာဆည်းပူးကြပြီး မိမိဘဝ၊ မိမိနိုင်ငံကို မြှင့်တင်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်၊ ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံသူနိုင်ငံသားများ၏ ပညာနှင့်တွေးခေါ်မြော်မြင်နိုင်စွမ်း မြင့်မားစေရန် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးနေထိုင်သည့် ကျေးလက်ဒေသများတွင် ပညာရေးအားနည်းမှု၊ ပညာရေးအားနည်းသည်နှင့်အမျှ တွေးခေါ်မြော်မြင်နိုင်မှု လိုအပ်ချက်များရှိနေသည်။
အဆိုပါလိုအပ်ချက်များကို ပြုပြင်ရန်အတွက် ဘက်စုံပညာရေးစနစ်နှင့် စာမတတ်သူပပျောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ခေတ်စနစ်နှင့်လျော်ညီစွာ တွေးခေါ်မြော်မြင်နိုင်စွမ်းများ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စာအုပ်စာပေများကို လက်လှမ်းမီစွာရရှိနိုင်စေရန်၊ စာပေကိုတန်ဖိုးထားပြီး အလေးထားဖတ်လာကြစေရန် သက်ရှိထင်ရှားစာပေပညာရှင်ကြီးများ၊ မြန်မာစာပေနယ်ပယ်မှ စာပေရေးသားပြုစုနေကြသူများ၊ ထုတ်ဝေသူများ၊ ဖြန့်ချိသူများ၊ စာကြည့်တိုက်များနှင့် စေတနာရှင်များ၊ ဝါသနာရှင်များက ဝိုင်းဝန်းကူညီကြရန်လိုအပ်ပါသည်။
စာပေသည် နယ်ပယ်အားလုံး၏ ယဉ်ကျေးမှုအမြုတေရတနာဖြစ်သည်။ စာပေစွမ်းအားဖြင့် နိုင်ငံနှင့်လူမျိုး စိတ်ဓာတ်နှင့်စွမ်းပကားများ မြင့်မားလာအောင် ပြုလုပ်ပေးနိုင်သည်။ ထို့ကြောင့် စာပေစွမ်းပကားများဖြင့် နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။