Skip to main content

မြန်မာပြည်သူလူထု၏ စိုးရိမ်မှု

ယနေ့မြန်မာနိုင်ငံ၏ ပကတိအခြေအနေသည် နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာနေသည်မဟုတ်။ နိုင်ငံ၏အစိတ်အပိုင်းအချို့တွင် ပဋိပက္ခများရှိနေသည်။ မတည်မငြိမ်ဖြစ်နေသည်။ မတည်ငြိမ် မအေးချမ်းသည့် ဒေသများတွင် နေထိုင်ကြရသည့် ဒေသခံပြည်သူများမှာ မိမိတို့၏ အသက်ခန္ဓာနှင့် ဓနဥစ္စာတို့အတွက် စိုးရိမ်ကြောင့်ကြနေရသည်။ ထိတ်လန့်ကြောက်ရွံ့ နေကြရသည်။

ဒေသတစ်ခုတွင် ပစ်ခတ်တိုက်ခိုက်မှုများ၊ ရင်ဆိုင်တိုက်ပွဲများဖြစ်ပေါ်လာလျှင် ဒေသခံပြည်သူတို့သားဆွဲ၊ သမီးဆွဲ၊ အထုပ်ကိုယ်စီဆွဲ၍ ဘေးလွတ်ရာစီ ရှောင်ကြ၊ ပြေးကြရသည်။ ယာယီခိုလှုံရာနေရာများသို့ရောက်၍ အသက်ဘေးမှလွတ်ခဲ့ရသော်ငြား နေ့စဉ် စားသောက်နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သားသမီးတို့ပညာရေး၊ ဒေသတွင် ကျန်ရစ်ခဲ့သည့် အိမ်ရာ ကျွဲ နွားစီးပွားရေးတို့အတွက် ရတက်မအေးဖြစ်ကြရပြန်သည်။ စတင်ဖြစ်ပွားခဲ့စဉ်က နှစ်အနည်းငယ်အတွင်း ပြီးဆုံးသွားလိမ့်မည်ဟု ယူဆခဲ့ကြသည့် မိမိတို့နိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများမှာ နှစ်ပေါင်း ၇၀ ကျော်၍ ၈၀ တွင်းသို့ ရောက်ရှိလာခဲ့သည့်တိုင် ပြီးဆုံးဖွယ်မမြင်နိုင်သေး။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲတွင် တရားဥပဒေနည်းလမ်းတကျ ဖြေရှင်းရမည့်အစား လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကိုရွေးချယ်၍ အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကို မိုက်မဲစွာလျှောက်ကြသောအခါ မိမိတို့နိုင်ငံမှာ နောက်ထပ်နွံဗွက်အိုင်တစ်ခုအတွင်း ထပ်မံကျရောက်သွားရပြန်သည်။ ယင်းအတွက် မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ စိုးရိမ်ပူပန်မှုမှာ လက်နက်ကိုင်ပဋိပက္ခများ အဆုံးမသတ်နိုင်မှာကိုဖြစ်သည်။ ငြိမ်းချမ်းရေးမရတော့မှာကို ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ မိမိတို့ဘိုးဘွားများ လက်ထက်ကစလာခဲ့သော လက်နက်ကိုင်တိုက်ခိုက်မှုများ မိမိတို့မျိုးဆက်များအထိ အဆုံးမသတ်နိုင်သေးသည်သာမက အနာဂတ်မျိုးဆက်များအထိ ငြိမ်းချမ်းရေး၏ အရသာကို မခံစားကြရမှာကို မြန်မာပြည်သူလူထုတစ်ရပ်လုံး စိုးရိမ်ကြသည်။ လွန်ခဲ့သည့် သုံးနှစ်ကျော်က ငြိမ်းချမ်းရေးလိုလားသည့် လူငယ်များစုပေါင်း၍ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့် ငြိမ်းချမ်းစွာနေထိုင်ကြရေး လှုပ်ရှားမှုတစ်ခုကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ရာ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအားလုံးက တစ်သဘောတည်းရှိခဲ့၊ လက်ခံခဲ့ကြသည်။ မြန်မာနိုင်ငံ၏ မည်သည့်အစိတ်အပိုင်းတွင်မှ မတည်ငြိမ်၊ မအေးချမ်းမှုကိုမလို။ နိုင်ငံတစ်ဝန်းအေးချမ်းသာယာပြီး အခြားကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံသူနိုင်ငံသားများနည်းတူ မိမိတို့၏ တစ်သက်တာကို ငြိမ်းချမ်းစွာ ဖြတ်သန်းလိုကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် အလှမ်းဝေးလှစွာသော အနောက်နိုင်ငံများနှင့် အနောက်အားကိုးမီဒီယာများမှာ မြန်မာနိုင်ငံအတွင်းရှိ မြန်မာပြည်သူလူထု၏ စိုးရိမ်မှုကို ပြောင်းပြန်အမြင်ဖြင့် သဘာဝမကျစွာမြင်လျက်ရှိသည်။ ဆူပူသောင်းကျန်းနေသည့် တိုင်းပျက်ပြည်ပျက်မျိုးတွင် မည်သည့်လူမျိုးမှ မနေချင်သကဲ့သို့ပင် မြန်မာတို့လည်းမနေချင်။ ပစ်ခတ်သတ်ဖြတ်မှုများ၊ မီးတောက်မီးလျှံများနှင့် အပျက်အစီး အနိဋ္ဌာရုံ မြင်ကွင်းများကိုလည်း မမြင်ချင်။ မြန်မာနိုင်ငံတွင် စစ်မီးတောက် လောင်ရေးအတွက် အဝေးမှ သွေးထိုးလှုံ့ဆော်ကာ လေဖြင့်ပင့်ပေးနေမှုများကို ငြိမ်းချမ်းရေးလိုလားသည့် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ကိုယ်စား ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချလိုက်ပါကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)