မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားလူမျိုးများအားလုံး မရှိအတူရှိအတူ၊ အေးအတူပူအမျှအတူတကွ လက်တွဲနေထိုင်လျက်ရှိသည်။ ပြည်ထောင်စုတစ်ဝန်းလုံး တန်းတူညီမျှဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးလျက်ရှိရာတွင် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် လမ်းပန်းဆက်သွယ်ရေး၊ ပထဝီအနေအထားနှင့်အကြောင်း အမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို စတင်တာဝန်ယူသည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာတွင် တိုင်းရင်းသားဒေသများကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အမျိုးသားရေးရည်မှန်းချက်နှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးရည်မှန်းချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
အထူးသဖြင့် ဖွံ့ဖြိုးမှုနှေးကွေးနေသော ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်ကို ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဖွဲ့စည်းပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၃ ခုနှစ် မေလအတွင်း အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခဲ့သည့်အချိန်က ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်ပေါ်အောင် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ပေးခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ တပ်မတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အနီးကပ်ကြီးကြပ်မှု၊ ပြည်တွင်းပြည်ပ စေတနာရှင်များ၏လှူဒါန်းမှု၊ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ အချိန်တိုကာလအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ရည်မှန်းထားသည့်အတိုင်း ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၌လည်း အန္တရာယ်အခက်အခဲအမျိုးမျိုးကြုံတွေ့ရသည့်အခါ ရခိုင်ပြည်နယ်နည်းတူ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးကို ချက်ချင်းအလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ဤသည်မှာ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအပေါ် တိုင်းရင်းသားညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လက်ရှိကာလ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်ပစွက်ဖက်မှုတို့ကြောင့် တိုင်းရင်းသားဒေသများတွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးမှုများ၊ ပဋိပက္ခများ၏ဆိုးကျိုးများကို ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ခံစားနေကြရသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။
“တည်ငြိမ်အေးချမ်းမှု မရှိသမျှကာလပတ်လုံး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုမှာ အလှမ်းဝေးနေမည်သာဖြစ်ပြီး တစ်ဦးချင်း အခွင့်အရေး၊ အခွင့်အလမ်းများလည်း ဆုံးရှုံးမှုများ ကြုံတွေ့နေမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အမျိုးသားရေးခံယူချက်အဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ကာကွယ်စောင့်ရှောက်သွားမည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အသိပေးထားသည်။
သို့ဖြစ်ရာ ပြည်ထောင်စုကြီးအတွင်း ရခိုင်တိုင်းရင်းသားများအပါအဝင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရှမ်း စသည့် တိုင်းရင်းသားများအားလုံး အတူယှဉ်တွဲ နေထိုင်လျက်ရှိရာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့သည် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်ဖြစ်ရာ ပြည်တွင်းအင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် ပြည်ထောင်စုကြီးအကျိုးကို တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)