ပြည် ဇန်နဝါရီ ၁၃
ပြည်မြို့၊ ခေတ္တရာရပ်ကွက်၊ ပြည်ခရိုင်အားကစားကွင်း၌စုရပ်ပြု၍ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအားကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါရှုတ်ချပွဲတွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်နေ ပြည်သူတစ်ဦးမှဦးဆောင်၍အင်အား (၇၀၀)ခန့်သည် ပြည်မြို့ခေတ္တရာရပ်ကွက်၊ ပြည်ခရိုင်အားကစားကွင်း၌စုရပ်ပြု၍ ဘုရင့်နောင် လမ်းမကြီးအတိုင်း အဝေးပြေးကားဂိတ်မှတစ်ဆင့် ပြည်-အောင်လံ ကားလမ်းအတိုင်းစီတန်း လှည့်လည်၍ ဘာသာအကျိုးတို့သယ်ပိုး၊ မိစ္ဆာဟူသမျှရှင်းလင်းကြ၊ ဗုဒ္ဓဘာသာဝင်များကိုးကွယ် အထွဋ်အမြတ်ထားရာဘုရား ဆင်းတုတော်များကိုဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာ သောင်းကျန်းသူများအားဆန့်ကျင်ကြ၊ အမျိုးဘာသာ သာသနာအား ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များအား အလိုမရှိစသည့် ကြွေးကြော်သံများဖြင့်ကြွေးကြော်ကာ အဆိုပါစာသားပါ ဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံများ၊ သာသနာ့အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် ထိုမှပြည်ခရိုင်အားကစားကွင်းသို့ ပြန်လည်ရောက်ရှိကာ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအား ကန့်ကွက်ရှုတ် ချကြောင်းဟောပြော၍ ကန့်ကွက်ရှုတ်ချပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။