Skip to main content

ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၄

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ခရိုင်အားကစားကွင်း၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ သတ်မှတ်နေရာအသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော်များနှင့် မျိုးချစ်ပြည်သူဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူများ (ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက် သောင်းကျန်းသူမှန်သမျှ (ဆန့်ကျင်ကြ)၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၀င်တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ၊ ဆင်းတုတော်များအား စော်ကားဖျက်ဆီးသူ (ဒို့ရန်သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်သူများ (ကျရှုံးပါစေ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေးလောက်ကောင်များ (အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများ (အလိုမရှိ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲများသို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် မျိုးချစ်ပြည်သူများ တစ်ခဲနက် တက်ရောက်ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သတင်းရရှိသည်။