Skip to main content

ကျေးလက်နေမိသားစုများ ဝင်ငွေတိုး၍ လူမှုစီးပွားဖွံ့ဖြိုးရေး

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ၌ နေထိုင်သူများက နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မိသားစုဝင်ငွေတိုးပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ထူးချွန်သည့်သင်တန်းသား၊ သင်တန်းသူများကို လုပ်ငန်းများထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများကိုပါပေးအပ်ခြင်းဖြင့် ကျေးလက်ဒေသများတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာစေရန် နိုင်ငံတော်ကဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် နိုင်ငံ၏အခြေခံစီးပွားရေးဖြစ်သကဲ့သို့ တစ်နိုင်ငံလုံးလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ၏ သဘောသဘာဝအရ ရာသီအလိုက် အလုပ်လုပ်ကိုင်ကြရပြီး သီးနှံပေါ်ချိန်ရောက်မှသာဝင်ငွေရရှိခြင်း၊ မိုးလေဝသကြောင့်၊ အဖျက်ပိုးကြောင့် စသည့်အကြောင်းများကြောင့် စိုက်ပျိုးသီးနှံများပျက်စီးပါက ဝင်ငွေမရနိုင်တော့ဘဲ ဆုံးရှုံးကြရခြင်းတို့ကြောင့် မိသားစုဝင်ငွေရရှိနိုင်မည့် အခြားလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်ထားနိုင်ရန်လိုသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များ၊ ဒေသတွင်းမှရရှိနိုင်သည့် ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်ငန်းများ ထူထောင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ကအားပေးလျက်ရှိရာ ကျေးလက်ဒေသများအလိုက် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်သည်။

ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လိုအပ်သည့်နည်းပညာ၊ အရင်းအနှီးငွေကြေးနှင့် လုပ်ငန်းသုံးပစ္စည်းများရရှိနိုင်သည့် အခွင့်အလမ်းများကို တန်ဖိုးရှိရှိရယူအသုံးချ၍ မိမိတို့မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားမြင့်မားရေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုစီမံကိန်း၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးစီမံကိန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း၊ အမျိုးသမီးများဝင်ငွေတိုးတက်ရေးစီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်‌ပေးရေးစီမံကိန်း၊ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူများကိုယ်တိုင်က ဖွံ့ဖြိုးတိုးတက်လိုစိတ် ထက်ထက်သန်သန်နှင့် လုံ့လဝီရိယ စိုက်ထုတ်ကြိုးပမ်းရန်မှာ လွန်စွာအရေးကြီးသည်။ ပစ္စုပ္ပန်တွင် ကြီးပွားကြောင်းအတွက် ထကြွလုံ့လဝီရိယနှင့်ပြည့်စုံခြင်း (ဥဋ္ဌာနသမ္ပဒါ)၊ ရရှိလာသောပစ္စည်းကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း (အာရက္ခသမ္ပဒါ)၊ မိတ်ကောင်း ဆွေကောင်းထားရှိခြင်း (ကလျာဏ မိတ္တ သမ္ပဒါ)၊ ဝင်ငွေထွက်ငွေမျှတအောင် သုံးစွဲခြင်း (သမဇီဝိတတာ) ဟူသော သမ္ပဒါတရားတို့နှင့် ပြည့်စုံပြီဆိုပါက မိသားစုဘဝများ မြင့်မားလာမည် ဧကန်ဖြစ်ပါကြောင်း။ ။