Skip to main content

ပြည်သူ့ဘဝ သာယာဖို့ အကြမ်းဖက်မှုကို ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်စို့

မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်တွင် လက်လုပ်မိုင်းနှစ်လုံး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာတွင် ကလေးငယ်ငါးဦးလည်း ပါဝင်နေသည်။ မိုင်းထောင်ဖောက်ခွဲခဲ့သည့် လက်သည်တရားခံမှာ PDF အမည်ခံ အကြမ်းဖက်သမားများဖြစ်ပြီး နှစ်သစ်ကူးချိန်ခါ ရိုးရာသင်္ကြန်ကာလတွင် အများပြည်သူစုဝေးသည့်နေရာဖြစ်သော သင်္ကြန်မဏ္ဍပ်ကို ပစ်မှတ်အဖြစ် ရွေးချယ်၍ ဖောက်ခွဲခဲ့ခြင်းက ၎င်းတို့၏ ရက်စက်ယုတ်မာမှု၊ အဆင်အခြင်ကင်းမဲ့မှု၊ ဉာဏ်ရည်နိမ့်ပါးမှု၊ သဘောထားသေးသိမ်မှုတို့ကို သက်သေပြလျက်ရှိသည်။

မြန်မာပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ပြည်တွင်းသို့ ဝင်ရောက်ပျံ့နှံ့ခဲ့ချိန်မှအစပြုကာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၏နောက်ဆက်တွဲ နိုင်ငံရေး အပြောင်းအလဲများနှင့် ပြည်တွင်းမတည်ငြိမ်မှုများ၏ လှိုင်းဂယက်များကြားတွင် မြုပ်ချည်၊ ပေါ်ချည်နှင့် မောပန်းခဲ့ကြရသည်မှာ လေးနှစ်ကျော် ငါးနှစ်ကာလသို့ပင် ရောက်ခဲ့ပြီဖြစ်သည်။ အခက်အခဲ၊ အကျပ်အတည်းများကြောင့် ပြည်သူလူထုအတွင်း ဖြစ်ပေါ်လာသည့် ဖိစီးမှုတွင် တရားမဝင်ခြိမ်းခြောက်မှုများကြောင့် ဖြစ်လာရသည့် စိုးရိမ်ထိတ်လန့်မှုကလည်း ကြီးမားသည်။ အစောပိုင်းကာလကဆိုလျှင် ကျောင်းဖွင့်ချိန်တွင် ကလေးများ ကျောင်းမအပ်နှံရဲ၊ ဝန်ထမ်းများ ရုံးမသွားရဲ၊ အနုပညာရှင်များ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်မလုပ်ရဲ၊ စိတ်အပန်းဖြေ ထွက်ပေါက်တစ်ခုအဖြစ် ရုပ်ရှင်မကြည့်ရဲ၊ ဖျော်ဖြေပွဲများသို့လည်း မသွားရဲ။

တစ်နှစ်မှ နှစ်နှစ်၊ နှစ်နှစ်မှ သုံးနှစ် ဖြစ်လာသည့်အခါတွင်မူ မိမိတို့ကလေးများ ကျောင်းမထားလျှင် မဖြစ်တော့သည့် အခြေအနေသို့ ရောက်လာပြီဖြစ်သည့်အတွက် ကျောင်းအပ်နှံလာရသည်။ ဝန်ထမ်းများလည်း ရုံးတက်မှ ဖြစ်တော့မည်မို့ ရုံးတက်ကြရသည်။ အနုပညာရှင်များလည်း ဝမ်းစာမရှာမဖြစ် ရှာရတော့မည်ဖြစ်သည့်အလျောက် ပြန်လည်လှုပ်ရှားလာကြရသည်။ အရာရာသည် ပုံမှန်အခြေအနေသို့ ပြန်မရောက်နိုင်သေးစေကာမူ မိမိတို့၏ဘဝအတွက်၊ အနာဂတ်အတွက်၊ ရပ်တည်ရှင်သန်နိုင်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ကြရခြင်းဖြစ်သည်။ ယင်းသို့သောအခြေအနေသည် အကြမ်းဖက်အဖျက်သမားတို့ လိုလားသည့်အခြေအနေမျိုးမဟုတ်။ အတိုချုံး၍ဆိုရလျှင် တစ်တိုင်းပြည်လုံး ဆိတ်သုဉ်းနေသည့်အခြေအနေကိုသာ ၎င်းတို့လိုလားကြခြင်းဖြစ်သည်ကို လူမှုကွန်ရက်များပေါ်မှ ၎င်းတို့၏ခြိမ်းခြောက်မှုများတွင် တွေ့နိုင်သည်။

ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်သည် တစ်နှစ်မှတစ်ခါ ကျရောက်သော နှစ်သစ်ကူးပွဲတော်ဖြစ်သည်နှင့်အညီ မြန်မာပြည်သူတစ်ရပ်လုံးက အလေးအနက်ထားကြသည်။ ရေပက်ကစားကြသည့် ပျော်ပွဲရွှင်ပွဲဖြစ်သလို ရိုးရာဓလေ့ထိန်းသိမ်းသည့်ပွဲ၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ပြုကြသည့်ပွဲလည်းဖြစ်သည်။ ကလေးသူငယ်များ၊ လူငယ်လူရွယ်များ ပျော်ရွှင်ကြသည့်ပွဲဖြစ်သလို လူလတ်၊ လူကြီးနှင့် သက်ကြီးရွယ်အိုတို့ ဝမ်းမြောက်ကြည်နူးကြရသည့်ပွဲလည်းဖြစ်သည်။ သင်္ကြန်မဏ္ဍပ်တွင် မိုင်းထောင်ဖောက်ခွဲခြင်းသည် ပြည်သူကို တိုက်ရိုက်ထိခိုက်စေပြီး ပြည်သူလူထုအတွင်း အကြောက်တရား ထပ်မံဖိစီးမှုကိုသာ ဖြစ်စေသည်။ နိုင်ငံတကာမှ ပြည်သူများနည်းတူပင် မိမိနိုင်ငံမှ နှစ်သစ်ကူးပွဲ‌တော်တွင် ငြိမ်းချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေသည့် အပြစ်မဲ့ပြည်သူများကို ကလေးသူငယ်ပါမရှောင် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ယဉ်ကျေးသည့် မည်သည့်လူ့အဖွဲ့အစည်းကမှ သဘောတူလက်ခံမည်မဟုတ်။ ယခုလည်း မြန်မာနိုင်ငံအတွင်းတွင် ရှိနေသည့် လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ပြစ်တင်၊ ရှုတ်ချမှုများ ပြုလုပ်နေကြပြီဖြစ်သည်။

အကြမ်းဖက်သမားတို့၏ ဝါဒသဘောတရားမှာ ၎င်းတို့အဖွဲ့ အာဏာမရမချင်း ပြည်သူလူထုအတွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်ဖြင့် အရာအားလုံး ခက်ခဲကျပ်တည်းနေစေရန်၊ ပြည်သူလူထုအတွင်း ပျော်ရွှင်မှုတို့ကင်းမဲ့ကာ ထိတ်လန့်စိုးရွံ့မှုတို့ ဖိစီးနေစေရန်ဖြစ်သည်။ မြို့ရွာများ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံရေးတို့အတွက် အကြမ်းဖက်အဖျက်လုပ်ရပ်များကို စောင့်ကြည့်၊ နှိမ်နင်းရာတွင် ပြည်သူတစ်ရပ်လုံး ပါဝင်သည်နှင့်အမျှ လျင်လျင်မြန်မြန် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။ ။