Skip to main content

မီးခံရွှံ့စေးမြေအသုံးပြု၍ နှစ်ပေါင်း ၅၀ နီးပါးခန့် လုပ်ကိုင်လာသည့် မိရိုးဖလာ စင်္ကြာတံဆိပ် “လုံအိုး” ထုတ်လုပ်မှုလုပ်ငန်း

တွေ့ဆုံမေးမြန်း-အေးမျိုးမျိုးစံ (ပြန်/ဆက်) ၊ သတင်းဓာတ်ပုံ-ကျော်ထူးနောင်

မြန်မာနိုင်ငံအတွင်းရှိ လူမျိုးတိုင်း၌ မိမိတို့၏ကိုယ်ပိုင်ရိုးရာအနုပညာနှင့် လက်မှုပညာများစွာ ရှိကြပြီး တန်ဖိုးထားဂုဏ်ယူကြသည်။ ထိုသို့တန်ဖိုးထားဂုဏ်ယူသကဲ့သို့ အသိဉာဏ်နဲ့ယှဉ်ကာ လက်ဆင့်ကမ်းထိန်းသိမ်းရန် လိုအပ်သည်ကိုလည်း သတိချပ်ရပါမည်။ ယနေ့ခေတ်ကမ္ဘာအရပ်ရပ်၌ နည်းပညာများ ဖွံ့ဖြိုးလာမှုနှင့်အတူ လက်မှုပညာလုပ်ငန်းများ ဆက်လက်ရပ်တည်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်ကိုလည်း မြင်တွေ့နေရသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အလားအလာကောင်းသည့် ဒေသထွက်ကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့်ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးတို့ကိုလည်း ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရိုးရာလက်မှုပညာရပ်များ ထွန်းကားပြန့်ပွားရေးအတွက် လုပ်ငန်းဈေးကွက်အခိုင်အမာရရှိရေး၊ လုပ်ငန်း တိုးချဲ့နိုင်ရန်အတွက် လိုအပ်သည့် မတည်ရင်းနှီးငွေများ အစဉ်တစိုက်အားပေးကူညီဆောင်ရွက်လျက်ရှိသလို လက်ဆင့်ကမ်းထိန်းသိမ်းကြစေရေးအတွက်လည်း တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဒေသထွက်ကုန်ကြမ်းဖြစ်သည့် မီးခံရွှံ့စေးမြေကို အသုံးပြု ၍ ထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်နေသည့် စင်္ကြာတံဆိပ် လုံအိုးထုတ်လုပ်မှုလုပ်ငန်းမှာ နှစ်ပေါင်း ၅၀ နီးပါးခန့် လက်ဆင့်ကမ်းသယ်ဆောင်လာသည့် မိရိုးဖလာလက်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ မိရိုး ဖလာလုပ်ငန်းဖြစ်သောကြောင့် နာမည်ပျက်မရှိစေရန် အစဉ်တစိုက် အရည်အသွေးကို ထိန်းသိမ်းပြီး ဝယ်ယူသူများ အကောင်းဆုံးသုံးစွဲနိုင်စေရေး မျှော်မှန်း၍ စေတနာထားလုပ်ကိုင်ခြင်းကြောင့် ကာလကြာရှည်တည်မြဲကာ ဈေးကွက်အခိုင်အမာရရှိထားသည့် လက်မှုလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ အဆိုပါလုံအိုးထုတ်လုပ်နေမှုနှင့်စပ်လျဉ်း၍ ဘီးလင်းမြို့ ကန်သာယာရပ်ကွက်မှ လုံအိုးလုပ်ငန်းရှင် ဦးမျိုးခိုင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

မေး။ ။ လုံအိုးလုပ်ငန်း စတင်ဖြစ်ခဲ့ပုံလေးကို သိပါရစေ။

ဖြေ။ ။ ကျွန်တော်တို့ မိဘလက်ထက် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၇ နှစ်လောက်ကတည်းက စပြီးလုပ်ကိုင်ခဲ့တာဖြစ်တဲ့အတွက် မိရိုးဖလာလုပ်ငန်းတစ်ခုအနေနဲ့ ယနေ့အချိန်အထိ ဆက်လက်လုပ်ကိုင် နေတာပဲဖြစ်ပါတယ်။

မေး။ ။ ကုန်ကြမ်းတွေဖြစ်တဲ့ ရွှံ့စေးမြေကို ဘယ်လိုမျိုးရွေးချယ်ရပါသလဲ။

ဖြေ။ ။ ကုန်ကြမ်းအဖြစ်အသုံးပြုတဲ့ ရွှံ့စေးမြေက ရိုးရိုးရွှံ့စေးမြေမျိုး မဖြစ်ရပါဘူး။ မီးခံရွှံ့စေးမြေမျိုး ဖြစ်ရပါမယ်။ ကျွန်တော်တို့က လုပ်ငန်းအတွေ့အကြုံအရ မီးခံရွှံ့စေးမြေ ဟုတ်၊ မဟုတ်ဆိုတာကို အလွယ်တကူခွဲခြားသိနိုင်ပါ တယ်။

မေး။ ။ ဒီလိုမီးခံရွှံ့စေးမြေကို ဘယ်ကနေရရှိပါသလဲ။

ဖြေ။ ။ မီးခံရွှံ့စေးမြေရဖို့အတွက် ကိုယ်တိုင်ရှာယူရပါတယ်။ ဒီရွှံ့စေးမြေဟာဆိုရင် စမ်းချောင်းအောက် လူ့တစ်ရပ်အနက်မှာမှ တူးဖော်ရရှိနိုင်တာမို့ အလုပ်သမားတွေနဲ့တူးဖော်ပြီး ကားနဲ့သယ်ယူရပါတယ်။ ဘီးလင်းမြို့ ရေဇလုပ်ကျေးရွာဘက်တွေမှာ ရရှိပါတယ်။

မေး။ ။ လုံအိုးကို ဘယ်လိုနေရာမှာ အသုံးပြုပါသလဲ။

ဖြေ။ ။ လုံအိုးကို ရွှေပန်းထိမ်တွေ၊ ရွှေကျိုတဲ့နေရာမှာ အသုံးပြုတယ်။ သံ၊ သတ္တုတွေ သန့်စင်ဖို့ ကျိုတဲ့နေရာမှာ မီးခံအိုးအဖြစ်နဲ့လည်း အသုံးပြုပါတယ်။

မေး။ ။ လုံအိုးလုပ်ကိုင်ပုံအဆင့်ဆင့်ကို ရှင်းပြပေးပါ။

ဖြေ။ ။ လုံအိုးလုပ်ဖို့အတွက် ပထမဆုံး ရွှံ့စေးခဲတွေကို အခြောက်လှန်းပြီး စက်နဲ့အမှုန့် ဖြစ်အောင် ကြိတ်ရပါတယ်။ ရလာတဲ့အမှုန့်တွေကို ဆန်ခါနဲ့အချောပြန်ဝိုင်းတယ်။ အဲဒီအမှုန့်တွေကို ရေနဲ့ ပြန်နှယ်လိုက်တဲ့အခါမှာ ရွှံ့စေးရလာမယ်။ အဲဒီရွှံ့စေးတွေကို ညသိပ်နှပ်ထားပြီးတော့မှ ညီညာတဲ့အလုံးလေးတွေရရှိဖို့ ချိန်ခွင်နဲ့ ပြန်ချိန်တယ်။ ချိန်ပြီးသားအလုံးလေးတွေကို လုံတံလို့ ခေါ်တဲ့ မိုမှာ သူ့နံပါတ်အရွယ်အစားအလိုက် ပထမအဆင့် ပုံကြမ်းရိုက်ရပါတယ်။ နည်းနည်းမာတဲ့ အချိန်မှ ဒုတိယတစ်ပြန်ရိုက်တယ်။ အချောအနေနဲ့ တတိယတစ်ပြန်ထပ်ရိုက်ပြီး အပွင့်ဖော်တယ်။ တံဆိပ်တပ်တယ်။ ပြီးတော့နေပူလှန်းတယ်။ နေပူလှန်းလို့ ခြောက်သွားတော့မှ လုံဖုတ်တဲ့ဖိုထဲထည့်ပြီး မီးသွေးနဲ့ဖုတ်ရပါတယ်။ သူ့ကိုကျက်တဲ့အထိ ဖုတ်ရင် လေးနာရီလောက် ကြာပြီး အေးတဲ့အထိဆိုရင် တစ်ညအိပ်ထားရပါတယ်။ အေးသွားပြီဆိုရင် ဖိုထဲကနေထုတ်ပြီး တင်ပို့ရောင်းချလို့ရတဲ့ လုံအိုးလေးတွေရရှိမှာ ဖြစ်ပါတယ်။

မေး။ ။ လုံအိုးအမျိုးအစား ဘယ်နှမျိုးလောက်ထုတ်လုပ်လဲဆိုတာ သိပါရစေ။

ဖြေ။ ။ ကျွန်တော်တို့ ထုတ်လုပ်တာကတော့ လုံအတိုနဲ့ လုံအရှည်ဆိုပြီး နှစ်မျိုး ထုတ်လုပ်ပါတယ်။ လုံအတိုမှာဆိုရင် အရွယ်အစား ၁၁ မျိုး ထုတ်လုပ်ပြီး လုံအရှည်မှာဆိုရင် အရွယ်အစား ၁၄ မျိုး ထုတ်လုပ်ပါတယ်။

မေး။ ။ ဒီလုပ်ငန်းကို လုပ်သားဘယ်နှယောက်နဲ့ လုပ်ကိုင်နေလဲဆိုတာ သိပါရစေ။

ဖြေ။ ။ မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်တဲ့အတွက် မိသားစုဝင်နဲ့ ဆွေမျိုးမောင်နှမအားလုံး ၁၂ ဦးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

မေး။ ။ လုပ်ငန်းလုပ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။

ဖြေ။ ။ မိရိုးဖလာလုပ်ကိုင်ခဲ့တဲ့လုပ်ငန်းဖြစ်တာမို့ အခက်အခဲတော့မရှိပါဘူး။ ကုန်ကြမ်းအတွက်လည်း အခက်အခဲမရှိပါဘူး။

မေး။ ။ အသင့်ပြုလုပ်ထားတဲ့ လုံအိုးတွေကို ဘယ်ကို တင်ပို့ဖြန့်ချိလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ပြုလုပ်ပြီးသား လုံအိုးတွေကို မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကရင်ပြည်နယ် မြဝတီမြို့နဲ့ ရန်ကုန်မြို့ ကြည့်မြင်တိုင်ကမ်းနားဈေးတို့ကို အဓိကဖြန့်ချိပေးပို့ပါတယ်။

မေး။ ။ ကုန်ပစ္စည်းဈေးနှုန်းထိန်းချုပ်မှု အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဈေးနှုန်းအနေနဲ့က လက်မှုလုပ်ငန်းလည်းဖြစ်တယ်။ ကုန်ကြမ်းအနေနဲ့ကလည်း ဒေသထွက်ရွှံ့စေးမြေဖြစ်တဲ့အတွက် တခြားကုန်ပစ္စည်းတွေလို အတက်အကျမမြန်ပါဘူး။ ဒီနှစ်ဒီဈေးနဲ့ သတ်မှတ်တယ်ဆိုရင် နောင်နှစ်နှစ်၊ သုံးနှစ်ကြာလည်း ဒီဈေးပဲ။ နှစ်နှစ်တစ်ခါ သုံးနှစ် တစ်ခါလောက်မှသာ လုပ်အားခတိုးပေးရတဲ့အခြေအနေပေါ် မူတည်ပြီးမှ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုရှိပါတယ်။

မေး။ ။ ဒီလုပ်ငန်း ရေရှည်ခိုင်မြဲနေရခြင်းရဲ့ အဓိကအချက်က ဘာလဲဆိုတာသိပါရစေရှင့်။

ဖြေ။ ။ မိဘလက်ထက်က လုပ်ခဲ့တဲ့လုပ်ငန်းဖြစ်တဲ့အတွက် နာမည်မပျက်အောင် အရည်အသွေးကို ထိန်းသိမ်းတယ်။ သုံးစွဲသူတွေ အကောင်းဆုံးသုံးစွဲနိုင်ဖို့ အဓိကထားမျှော်မှန်းပြီး စေတနာထား လုပ်ကိုင်တယ်။ အဲဒါကြောင့် လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်တစ်ခုလုံးတွင် လုံအိုးလုပ်ကိုင်မှုမှာ ဘီးလင်းမြို့နယ်တွင် နှစ်ဦးသာရှိပြီး မိရိုးဖလာလက်မှုလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ။