Skip to main content

ခရီးသွားလုပ်ငန်းတိုးတက်မှ လူမှုစီးပွားဖွံ့ဖြိုး

မြန်မာနိုင်ငံသည် စိမ်းလန်းစိုပြည်သော သဘာဝတောတောင်များ၊ မြစ်ချောင်းအင်းအိုင်ပင်လယ်များ စုံလင်စွာပိုင်ဆိုင်ထားသည်။ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ၊ သဘာဝရှုခင်းအလှအပများ၊ ရှားပါးသစ်ပင်ပန်းမန်များ၊ ရေတံခွန်များ၊ ရေခဲတောင်များ၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ၊ ဆောင်းခိုငှက်များ၊ သဘာဝဂေဟစနစ်များ၊ အံ့ဖွယ်ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦများစသည်တို့ စုံလင်စွာတည်ရှိသည်။

ယခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ အပန်းဖြေအနားယူစရာများနှင့် အထင်ကရနေရာများသို့ ပြည်တွင်းခရီးသွားများ ယခင်နှစ်များကထက် ပိုမိုလာရောက်လည်ပတ်ကြသည်ကို တွေ့ရသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၏ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ ကမ္ဘာ့ GDP ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းကို ပံ့ပိုးပေးထားသည်ဟု ထုတ်ပြန်ထားသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ့စီးပွား၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသဖြင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားဧည့်သည်များပါ ပိုမိုလာရောက်နိုင်ရန် ဖန်တီးဆောင်ရွက်ကြရမည်ဖြစ်သည်။

သာဓကအားဖြင့် အာဆီယံနိုင်ငံများကြားတွင် ရေခဲဖုံးလွှမ်းသောဒေသကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံမြောက်ဖျားရှိ ပူတာအိုဒေသမှ ဖုန်ကန်ရာဇီနှင့် ခါကာဘိုရာဇီရေခဲတောင်ဒေသကို ကမ္ဘာကစိတ်ဝင်စားကြသည်။ အဆိုပါရေခဲတောင်ဒေသများသို့ တောင်တက်ခရီးသွားများ နှစ်စဉ်လာရောက်ကြသည်။ အဓိကမှာ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးသည် အထူးလိုအပ်ချက်ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ဖျားနှင့် ရေကြောမြေကြော တစ်ဆက်တစ်စပ်တည်းဖြစ်သော တရုတ်နိုင်ငံ၏ ရေခဲတောင်ခရီးစဉ်ဒေသသို့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်အမြောက်အမြား လာရောက်လည်ပတ်နေကြ သည်ကိုတွေ့ရသည်။ နယ်မြေတည်ငြိမ်အေးချမ်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၏ အကျိုးရလဒ်ဖြစ်သည်။

မြန်မာပြည်မြောက်ဖျားမှ ပူတာအိုမြို့နှင့် အရှေ့မြောက်ဘက်တွင်ရှိသည့် ရေခဲဖုံးလွှမ်းသော ခေါင်လန်ဖူးမြို့ကို နိုင်ငံတော်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးစသည့် ကဏ္ဍအသီးသီး အဆင်ပြေချောမွေ့စေရန် ၅၆ မိုင်ခရီးလမ်းကို ဖောက်လုပ် ပေးခဲ့သည်။ တစ်ချိန်က ခက်ခဲကြမ်းတမ်းသောခရီးလမ်းကို ယခုအခါ မိုးရာသီမှလွဲ၍ သွားလာရေးအဆင်ပြေပြီး နှင်းခဲတောင်တန်းများပေါ်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ခြင်းဖြင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှုမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပြောင်းလဲတိုးတက်လာမည်ဖြစ်သည်။

ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ ၁၃၂ မိုင်ကွာဝေးပြီး ၇၆ မိုင်အကွာအဝေးရှိသော ဆန်းလွှတ်ချက်တောင်သို့ ကားလမ်းဖောက်လုပ်ထားသည်။ ကျန်ရှိသော ၅၆ မိုင်လမ်းပိုင်းအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မှုဖြင့် ယခုအခါ ၁၃၂ မိုင်လမ်းပိုင်းတစ်လျှောက်တွင် တံတားများပါ တည်ဆောက်ပေးထားသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ခရီးသွားဧည့်သည်များ အချိန်အခါမရွေး သွားလာနိုင်ပြီဖြစ်သည်။ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံတိုင်းရင်းသားပြည်သူများက ပါဝင်ကူညီဆောင်ရွက်ကြခြင်းဖြင့် ပိုမိုကောင်းမွန်သောအခြေအနေဖြစ်လာမည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် တည်းခိုနေထိုင်ရေးနှင့် ဝန်ဆောင်မှုကောင်းမွန်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ လမ်းတံတား၊ စည်ပင်သာယာ၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နှင့် ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍပေါင်းစုံတို့နှင့်ချိတ်ဆက်ထားသည်။ ထို့အပြင် မသန်စွမ်းသူများလည်း ပါဝင်လုပ်ကိုင်နိုင်ပြီး တိုင်းရင်းသားလူမျိုးစုဒေသများ၌ ဒေသခံပြည်သူများနှင့် လူငယ်များပါ ပါဝင်လုပ်ကိုင်နိုင်သည်။ ခရီးသွားလုပ်ငန်းများတွင် လုပ်သားအင်အား၏ ၅၄ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်ဟု စစ်တမ်းများတွင်တွေ့ရသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းလုပ်ကိုင်သူများအတွက် အခွင့်အလမ်းများစွာ ဆောင်ကြဉ်းပေးနိုင်ပြီး ဆင်းရဲမှုလျှော့ချရေးနှင့် ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုသည်။

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကကျသော အချက်ဖြစ်ပြီး နယ်မြေဒေသတည်ငြိမ် အေးချမ်းသာယာဝပြောရေးကို ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်သည်။ ရေခံမြေခံသဘာဝအခြေခံများ ကောင်းမွန်သည့် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းတိုးတက်အောင်မြင်ရေးအတွက် လိုအပ်ချက်များကို အလေးထားဖြည့်ဆည်းဆောင်ရွက်ကြပြီး ခရီးသွားလုပ်ငန်းမှတစ်ဆင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။