Skip to main content

အနာဂတ်ကိုပခုံးပြောင်းယူကြမည့်လူငယ်များ

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါးသည် နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွေ၊ ဆိုးမွေဖန်တီးပေးမည့် အရင်းအမြစ်များအဖြစ် အသင့်ရှိနေသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် အဆိုပါအရင်းအမြစ်များအားကောင်းသော အမွေဆက်ခံနိုင်ရေးသည် နိုင်ငံတော်နှင့် မိဘပြည်သူများတွင် တာဝန်ရှိနေပေသည်။

ယနေ့အချိန်ကာလတွင် နိုင်ငံတော်နှင့် မိဘ၊ ဆရာတို့၏ ပံ့ပိုးညွှန်ပြမှုဖြင့် စိတ်ဓာတ်၊ ခံယူချက်၊ အရည်အချင်းပြည့်ဝမှုရှိကြသည့် လူငယ်လူရွယ်များသည် တက်ကြွလှုပ်ရှား အားမာန်များဖြင့် ရှေ့သို့လှမ်းချီနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါ လူငယ်လူရွယ်များအား စံနမူနာပြထားပြီး ကျန်ရှိသည့် လူငယ်လူရွယ်များလည်း ပါဝင်လာကြဖို့လိုမည်ဖြစ်သည်။ ယခုအခါ လူရည်ချွန်မောင်မယ်များ၊ ကင်းထောက်လူငယ်များ၊ ကြက်ခြေနီလူငယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်များသည် အသိပညာဗဟုသုတရရှိရေး၊ စိတ်ဓာတ်ခွန်အားများ မြင့်မားတိုးတက်လာရေးနှင့် နိုင်ငံတော်ကို အကျိုးပြုနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။

အဆိုပါလူငယ်လူရွယ်များတွင် လူရည်ချွန်မောင်မယ်များကို ဘက်စုံအရည်အချင်းပြည့်ဝသည့် လူငယ်များအဖြစ် ဂုဏ်ယူဖွယ်တွေ့မြင်ရသည်။ နိုင်ငံတော်က လူရည်ချွန်လူငယ်မောင်မယ်များကို ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပြုစုပျိုးထောင် မွေးထုတ်ပေးခဲ့သည်။ ၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် ခေတ္တရပ်နားခဲ့သည့် လူရည်ချွန်စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာထူးချွန်လူငယ်စီမံကိန်း” အဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် “လူရည်ချွန်စီမံကိန်း”အမည်ဖြင့် ပြန်လည်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ခေတ္တရပ်နားခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်ပြီး စီမံကိန်းကို ပြန်လည်စတင်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နဝမတန်းလူရည်ချွန် ၁၄၀၊ ဒသမတန်းလူရည်ချွန် ၁၄၀၊ ဧကာဒသမတန်းလူရည်ချွန် ၁၃၇ ဦးအပြင် ဒွါဒသမတန်းလူရည်ချွန် ၁၃၇ ဦး စုစုပေါင်းလူရည်ချွန် ၅၅၄ ဦးကို ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့သည်။ လူရည်ချွန် ကျောင်းသား ကျောင်းသူများကို ရွေးချယ်သည့်အခါ စာပေဘာသာရပ်များကို စစ်ဆေးအကဲဖြတ်ရုံသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်မှုတို့ကိုပါ စနစ်တကျ စိစစ်ရွေးချယ်ခဲ့သည်။ လူရည်ချွန်မောင်မယ်များသည် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အဆင့်ဆင့်စိစစ်မှုကို ကျော်ဖြတ်ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအဖြစ် ဂုဏ်ယူဖွယ်တွေ့မြင်ရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်လူငယ်မောင်မယ်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တွေ့ဆုံဩဝါဒစကား ပြောကြားရာတွင် “မောင်တို့မယ်တို့ လူငယ်များသည် ပြည့်ခွန်အားများဖြစ်သကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များ လည်းဖြစ်ကြောင်း၊ မိမိနိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်နေကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ်များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ပညာရယူနိုင်သည့် နည်းလမ်းအသွယ်သွယ်မှ မိမိတို့ကိုယ်တိုင် အပတ်တကုတ် ကြိုးစားအားထုတ်သွား ကြရမည်ဖြစ်ကြောင်း” မှာကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်စေရန်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့ခေတ်ကာလတွင် ဆန်းသစ်သည့် နည်းပညာများ တိုးတက်ထွန်းကားလာသည်နှင့်အတူ တိုးတက်ပြောင်းလဲလာသော ကမ္ဘာကြီးနှင့် ရင်ပေါင်တန်း လိုက်ပါနိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်များကို စဉ်ဆက်မပြတ်ပျိုးထောင် မွေးထုတ်ပေးနေရမည်ဖြစ်သည်။ လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်လာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ဥပဒေကို သိရှိလေးစား လိုက်နာတတ်ရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်များကို ကျေပွန်စွာပြုမူ နေထိုင်တတ်စေရန် လမ်းပြသွန်သင်ပေးရမည်ဖြစ်သည်။

သို့ဖြစ်ရာ မျိုးဆက်သစ်လူငယ်လူရွယ်များကို ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးပြီး နိုင်ငံတော်၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်နိုင်မည့် လူချွန်လူမွန်လူကောင်းလူတော်များဖြစ်လာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း။ ။