မူလကတည်ငြိမ်အေးချမ်းလျက်ရှိသည့် လူနေမြို့ရွာများကို အယူဝါဒမတူ၊ အကျိုးစီးပွားမတူသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအချင်းချင်း ပူးပေါင်း၍ အင်အားအလွန်အကျွံသုံးပြီး တိုက်ပွဲများ ဖော်ဆောင်လာကြသည့်အခါ မြို့ခံ၊ ရွာခံ ပြည်သူတို့ စိုးရိမ်ထိတ်လန့်စွာဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို ကြောက်ရွံ့ခြင်းကြောင့် မြို့စွန့်၊ ရွာစွန့်တိုက်ပွဲရှောင်နေကြရသည့် ပြည်သူများ နိုင်ငံတစ်ဝန်းလုံးပေါင်းလျှင် သန်းနှင့်ချီ၍ရှိနေသည်ဆိုသည့် သတင်းများကိုလည်း တွေ့ရသည်။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတို့က လိမ်ညာဖုံးဖိဝါဒဖြန့်ချိမှုများ အင်တိုက်အားတိုက် ပြုလုပ်ပေးနေစေကာမူ တိုင်းရင်းသားလွတ်မြောက်ရေး၊ ပြည်သူ့ကာကွယ်ရေးဟူ၍ အမည်ခံထားသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တို့၏ အကြမ်းဖက်အဖျက်လုပ်ရပ်များကို လက်တွေ့သိမြင်နားလည်ထားကြသည့် ပြည်သူတို့မှာ ၎င်းတို့နှင့် လွတ်ရာကင်းရာ၊ တရားဥပဒေစိုးမိုး၍ တည်ငြိမ်အေးချမ်းသည့် နေရာများဆီသို့ တိမ်းရှောင်ကြရခြင်းဖြစ်သည်။ ပြီးခဲ့သည့်လအတွင်း KNU မှ အုပ်စုကွဲအချို့၊ မွန်ခွဲထွက် အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားတို့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာ၊ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ဓမ္မသတ်ရွာနှင့် အနီးဝန်းကျင်ရွာများကို အင်အားအလွန်အကျွံအသုံးပြု၍ ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ တိုက်ပွဲအခြေအနေအရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခေတ္တဆုတ်ခွာခဲ့ကြရသလို ဒေသခံပြည်သူများမှာလည်း စိုးရိမ်ထိတ်လန့်စွာဖြင့် နေရပ်စွန့်ခွာထွက်ပြေးကြရသည်။
အကြမ်းဖက်သမားများမှာ အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင်သို့ ရောက်ရှိနေစဉ် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များတွင် အကာအကွယ်ယူ၍ တပ်မတော်စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များကြားနှင့် အများပြည်သူသွားလာသည့် လမ်းကြောင်းများပေါ်တွင် မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာ သည့်အခါတွင်လည်း ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်သွားခဲ့ကြသည်ဟု သိရသည်။
လက်ရှိမိမိတို့နိုင်ငံ၏အခြေအနေမှာ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခံထားရသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းမှုများ၊ ယင်းအခြေအနေကို ပွဲလန့်တုန်းဖျာခင်းလိုသည့် EAO အချို့၏ အခွင့်ကောင်းယူ တိုက်ခိုက်မှုတို့ကြောင့် နိုင်ငံ၏အစိတ်အပိုင်းအချို့တွင် အေးချမ်းတည်ငြိမ်မှု ကင်းမဲ့နေချိန်ဖြစ်သည်။ လူနေမြို့ရွာများကို အင်အားအသုံးပြု၍ တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် နဂိုက အေးချမ်းသည့်ဒေသများတွင် တိုက်ပွဲများဖြစ်ပေါ်လာပြီး သေကျေဒဏ်ရာရမှုများ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် အနိဋ္ဌာရုံမြင်ကွင်းများ ဖြစ်ပေါ်လာသည်။ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter-Terrorism Operation)ကြောင့် အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာထွက်ပြေးသည့်အခါတွင်လည်း လက်လှမ်းမီသမျှ ဖျက်ဆီးခဲ့ကြရာ မြို့ရွာများ၏ ပျက်စီးသွားသည့် အစိတ်အပိုင်းများတွင် မိုင်းရှင်းလင်းရေး၊ အပျက်အစီးများရှင်းလင်းရေး၊ သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ စုပေါင်းလုပ်ကိုင်ဆောင်ရွက်ကြရသည်။ အကြမ်းဖက်မှုကိုလိုလားသည့် EAO အဖွဲ့များ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ သရုပ်မှန်ကို ၎င်းတို့လှုပ်ရှားရာဒေသများတွင် နေထိုင်ကြသည့် ပြည်သူများမှာ ပို၍ပို၍ သိရှိလာကြပြီဖြစ်သည်။
ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေဖို့လိုသည်။ ယင်းအခြေအနေသည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက်လည်းဖြစ်ရာ နိုင်ငံတော်အစိုးရက အလေးအနက်ထားဆောင်ရွက်လျက်ရှိနေသည်နှင့်အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်နှင့်အမျှ မိမိတို့၏ လူမှုစီးပွားဘဝများ လျင်လျင်မြန်မြန် လုံခြုံမှုရနိုင်ကြပါမည့်အကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)