၂၀၂၄ ခုနှစ် နွေရာသီကာလအပူချိန်သည် ဧပြီလ ၂၇ ရက်နေ့တွင် ချောက်မြို့၌ ၄၇ ဒီဂရီဆဲလ်စီးယပ်အထက်သို့ ရောက်ရှိပြီး ကမ္ဘာပေါ်တွင် အပူချိန်အမြင့်မားဆုံး မြို့တစ်မြို့အဖြစ် သတ်မှတ်ကြသည်။ မိုးလေဝသနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း အပူချိန်စံချိန်တင်မြင့်မားလာမည်ဟု ခန့််မှန်းခဲ့ကြသည့်အတိုင်း အပူချိန်မြင့်မားမှုဒဏ်ကို ပြည်သူများခံစားနေကြရသည်။ ဤသို့အပူချိန်မြင့်မားနေခြင်းသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်း အပူလွန်ကဲလာသည်ဟုဆိုနိုင်သည်။
အပူလွန်ကဲသည့် အယ်လ်နီညိုဖြစ်စဉ်သည် အနည်းဆုံး နှစ်နှစ်မှ အကြာဆုံး ခုနစ်နှစ်တစ်ခါ ဖြစ်ပေါ်လေ့ရှိပြီး တစ်ကြိမ်လျှင် ၉ လမှ ၁၂ လ ကြာမြင့်တတ်သည်။ မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်တွင် အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်ပေါ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၌ အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်ပေါ်ကာ မြင်းမူမြို့ ၌ ၄၇ ဒီဂရီဆဲလ်စီးယပ်အထက် စံချိန်သစ်တင်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် အင်လေးကန်ကြီး ရေခန်းခြောက်ခြင်း၊ မြေလတ်ဒေသ၌ သောက်သုံးရေပြတ်လပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယခုဖြစ်ပေါ်နေသော အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၂၃ ခုနှစ် ဧပြီလမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ယခုတစ်နှစ်တာကြာခဲ့ပြီး မကြာမီအယ်လ်နီညို ပြီးဆုံးတော့မည်ဟု ခန့်မှန်းထားသည်။
၂၀၂၃ ခုနှစ် အယ်လ်နီညိုဖြစ်စဉ်သည် မေ၊ ဇွန်၊ ဇူလိုင်လတွင် အားအနည်းငယ်ရှိပြီး ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွင် အားအသင့်အတင့်ရှိခဲ့သည်။ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အားကောင်းသောအယ်လ်နီညို အခြေအနေသို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ၊ မတ်နှင့် ယခု ဧပြီလတွင် အားအသင့်အတင့်ရှိသော အယ်လ်နီညိုအဖြစ်သို့ ပြန်လည်လျော့ကျလာခဲ့သည်။ ယခုရက်ပိုင်းတွင်မူ ငြိမ်းခါနီးတောက်သည့်မီးကဲ့သို့ အပူဒဏ်ကို အထူးသတိပြုကာကွယ်ကြရမည်။ အယ်လ်နီညိုဖြစ်စဉ်နှင့်အတူ နွေရာသီကာလအပူဒဏ်အန္တရာယ်ကို မြန်မာနိုင်ငံသာမက ဒေသတွင်းနိုင်ငံများအားလုံး ခံစားခဲ့ကြပြီး လူ့အသက်နှင့် ကျန်းမာရေးထိခိုက်မှုအန္တရာယ်များ ကြုံတွေ့ခဲ့ကြသည်။
ယခုနွေကာလအပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ကံကောင်းသည့် လက္ခဏာရှိနေသည်ဟုဆိုရမည်။ မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်ပေါ်ခဲ့သည့်နှစ်များတွင် တစ်နိုင်ငံလုံး၌ နွေကာလတွင် ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်၍ ရေရှားပါးမှုပြဿနာများကြုံတွေ့ရခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ အနောက်တောင် မုတ်သုံလေအဝင်နောက်ကျခြင်း၊ မုတ်သုံလေအားနည်းခြင်း၊ မုတ်သုံလေအထွက်စောခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်း စသည့်ရာသီဥတုဆိုင်ရာ၊ မိုးလေဝသဆိုင်ရာပြဿနာများ ကြုံတွေ့လေ့ရှိသည်။
သို့သော် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်အရ အနောက်တောင်မုတ်သုံလေသည် ၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်ဖွယ်ရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ပထမရက်သတ္တပတ်တွင် ပြန်လည်ဆုတ်ခွာသွားဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့သည်။ လာမည့် ၂၀၂၄ ခုနှစ် မေလလပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင်မူ အနောက်တောင်မုတ်သုံလေသည် မေလ ၂၁ ရက်နေ့ မှ ၂၆ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။ အမှန်တကယ်တွင် အယ်လ်နီညိုဖြစ်စဉ်အရ မုတ်သုံလေအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း စသည်တို့ဖြစ်ပေါ်နိုင်သော်လည်း ယခုအယ်လ်နီညိုဖြစ်စဉ်အဆုံးသတ်ပြီး အနောက်တောင်မုတ်သုံလေ ပုံမှန်အတိုင်းဖြစ်ပေါ်သည်ဟုခန့်မှန်းရာ မြန်မာနိုင်ငံအတွက် ကံကောင်းသည်ဟုဆိုနိုင်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် အနောက်တောင်မုတ်သုံလေသည် အဓိကကျသည်။ မုတ်သုံမိုးသည် တန်ဖိုးရှိသည်။ စိုက်ပျိုးရေးတွင် အပူချိန်မြင့်မားသည့် အယ်လ်နီညိုဖြစ်စဉ်ကို မလိုလားဘဲ မုတ်သုံမိုးကောင်းမွန်ခြင်းကို လိုလားသည်။ လူအများအနေဖြင့် ပူခြင်းနှင့်အေးခြင်းကို ရွေးချယ်ရာတွင် အပူကိုမလိုလားဘဲ အအေးကိုသာနှစ်သက်ကြသည်။ ကမ္ဘာ့မိုးလေဝသဌာနများ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လအထိ မိုးရွာသွန်းမှုလျော့နည်းပြီး ခြောက်သွေ့သောအခြေအနေတွင်ရှိသည်ဟု ခန့်မှန်းသော်လည်း ဇွန်လတွင် ပုံမှန်အခြေအနေသို့ရောက်ရှိပြီး ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းတွင် အအေးပိုသောလာနီညာ အခြေအနေသို့ ကူးပြောင်းနိုင်သည်ဟု ခန့်မှန်းထားသည်။
သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုအခြေအနေများအရ မြန်မာနိုင်ငံအနေဖြင့် ယခုလက်ရှိတွင် အပူဒဏ်အန္တရာယ်ကို ခံစားနေရသော်လည်း လာမည့်ကာလများတွင် မိုးလေဝသဖြစ်စဉ်များအရ ပြည်သူများလိုလားသည့် အခြေအနေများအား ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)